မြန်မာနိုင်ငံ၏ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်း

(၆-၇-၂၀၁၉ ရက်၊ ဘာကူးမြို့)

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့တော်၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေး၌ မြန်မာနိုင်ငံမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ အောင်အောင်မြင်မြင် ထည့်သွင်းနိုင်ခဲ့ပါသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်းမှုအပေါ် ကမ္ဘာ့အမွေအနှစ်ကော်မတီ အဖွဲ့ဝင် နိုင်ငံများက လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ကြပါသည်။

အခမ်းအနား၌ ကျေးဇူးတင်စကားပြောကြားရာတွင် ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်ဇေယျက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား ကမ္ဘာ့အမွေအနှစ် ကော်မတီအဖွဲ့ဝင်နိုင်ငံများ၊ ကမ္ဘာ့အမွေအနှစ်ဗဟိုဌာနနှင့် အကြံပေးအဖွဲ့ဝင်များကို ယင်းတို့၏ အရေးပါလှသည့် ထောက်ခံမှုအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်းနိုင်ခြင်းမှာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ အသိပညာရှင်/ အတတ်ပညာရှင်များ၊ ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ဖွံဖြိုးတိုးတက်ရေး မိတ်ဘက်အဖွဲ့များ၊ ပုဂ္ဂလိက ကဏ္ဍနှင့် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ အားထုတ်ကြိုးပမ်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပုဂံအမွေအနှစ်ဒေသသည် နှစ်ပေါင်းတစ်ထောင်ကျော် စိန်ခေါ်မှုအမျိုးမျိုးကို ကြံ့ကြံ့ခံ ဖြတ်သန်းလာခဲ့သည့် ရှင်သန်ဆဲ အမွေအနှစ်ဒေသတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့မှသာ မြန်မာပြည်သူ ပြည်သားအားလုံး တန်ဖိုးထားသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသသည် လူသားတို့၏ အမွေအနှစ်အဖြစ်လည်းကောင်း၊ နောင်လာနောင်သားတို့၏ အမွေအနှစ်အဖြစ်လည်းကောင်း နောင်နှစ်ပေါင်း ထောင်ပေါင်းများစွာ ဆက်လက်တည်ရှိမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။