ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် (၆၆) ကြိမ်မြောက် အဘိဓမ္မာစာမေးပွဲ၌ စာဖြေအောင်မြင်သူများအား ဆုနှင်းလွှာ ပေးအပ်ခဲ့ခြင်း

(၁၂-၆-၂၀၁၉ ရက်၊ နေပြည်တော်)

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ပါရမီရိပ်သာ၌ ၈-၆-၂၀၁၉ ရက်တွင် အဘိဓမ္မာ စာဖြေအောင်မြင်သူများအား ဆုနှင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသည် မြန်မာသံရုံး၊ ကင်ဘာရာမြို့၌ ပြည်ပစာစစ်ဌာနတစ်ခုအဖြစ် ကျင်းပခဲ့သော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြုလုပ်သည့် (၆၆) ကြိမ်မြောက် အဘိဓမ္မာစာမေးပွဲ၌ စာအောင်သူ ပုဂ္ဂိုလ် (၃၁) ဦးအား ဆစ်ဒနီမြို့ရှိ ဩဝါဒစရိယ ဆရာတော်အရှင်ဓမ္မစာရနှင့် ဥက္ကဌ ဆရာတော်အရှင်ပညိန္ဒတို့နှင့်အတူ သံအမတ်ကြီးက အောင်လက်မှတ်များ ချီးမြှင့်သည့် အခမ်းအနား ဖြစ်ပါသည်။

အခမ်းအနားသို့ အဘိဓမ္မာသင်ယူသူများအဖွဲ့၊ စာအောင်သူများနှင့် မြန်မာပြည်သူများ စုစုပေါင်း (၁၀ဝ) ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ်အရ နမောတဿ (၃) ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ဩဝါဒစရိယ ဆရာတော်ကြီးများက ဩဝါဒစကား မြွက်ကြားခြင်း၊ အလိုတော်ပြည့်ဆရာတော် ဦးသုစိတ္တဘိဝံသ၏ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာကို ဖတ်ကြားခြင်း၊ သံအမတ်ကြီး ဦးသာအောင်ညွန့်က အမှာစကားပြောကြားခြင်း၊ ပါရမီဓမ္မရိပ်သာ အလှူရှင် သဒ္ဓမဇောတိကဓဇ Dr. Thomas Wongနှင့် အဘိဓမ္မာသင်ယူသူ အဖွဲ့ခေါင်းဆောင် ဒေါ်ခင်သန်းဆွေတို့က ရှင်းလင်းပြောကြားခြင်း၊ အောင်လက်မှတ်များချီးမြှင့်ခြင်း၊ အဖွဲ့တွဲဘက်ခေါင်းဆောင် ဒေါက်တာခင်ဇော်သိန်းက ကျေးဇူးတင်စကားများပြောကြားကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။