ကိုရီးယားသမ္မတနိုင်ငံ၊ ဂျယ်ဂျူးမြို့၌ပြုလုပ်သည့် 14th Jeju Forum for Peace & Prosperity 2019 သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ခြင်း

(၃၁-၅-၂၀၁၉ ရက်၊ နေပြည်တော်)

၂၀၁၉ ခုနှစ်၊ မေလ ၂၉ ရက်မှ ၃၁ ရက်ထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျယ်ဂျူးမြို့ International Convention Center (ICC) ၌ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Jeju Free International City Development Center တို့မှ ကြီးမှူးကျင်းပသည့် 14th Jeju Forum for Peace & Prosperity 2019 သို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

Jeju Forum 2019 ဖွင့်ပွဲအခမ်းအနားကို ၃၀-၅-၂၀၁၉ ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီတွင် ICC ၌ ကျင်းပပြုလုပ်ခဲ့ရာ Jeju Govenor Mr. Won Heeryong က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သြစတြီးယားသမ္မတဟောင်း Mr. Heinz Fischer နှင့် သြစတြေးလျဝန်ကြီးချုပ်ဟောင်း Mr. Malcolm Tumbull တို့မှ Keynote Speakers များအဖြစ် မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေမှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည့် New Southern Policy, Achievements and Challenges over the Past Two Years: In the Aspect of Foreign and Security Policy ခေါင်းစဉ်ဖြင့် သီးသန့်ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးမှ Keynote Speaker အဖြစ် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် New Southern Policy ၏ အဓိကအချက် (၃) ချက်ဖြစ်သည့် ပြည်သူ (people)၊ သာယာဝပြောမှု (prosperity) နှင့် ငြိမ်းချမ်းရေး (peace) 3P သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ မဏ္ဍိုင်ကြီး (၃) ရပ် ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၊ သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများနှင့် ကမ္ဘာမြေ စသည်တို့နှင့် အပြည့်အဝ ကိုက်ညီမှုရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သမ္မတမွန်ဂျေအင်း အစိုးရ၏ ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အစဉ်အမြဲ အားပေးထောက်ခံလျက်ရှိပါကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးမှ အာဆီယံစီးပွားရေးအသိုက်အဝန်းနှင့် အာဆီယံ-ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်တို့မှတစ်ဆင့် အာဆီယံ-ကိုရီးယား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊ အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ် (၃၀) ပြည့် ထိပ်သီးအစည်းအဝေးကိစ္စ၊ မြန်မာနိုင်ငံ၌ ကိုရီးယားစီးပွားရေးကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားရေးကိစ္စ၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေးကိစ္စတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

Jeju Forum 2019 သို့ ပြည်ထောင်စုဝန်ကြီးသည် သြစတြီးယားသမ္မတဟောင်း Mr. Fischer Heinz ၊ သြစတြေးလျဝန်ကြီးချုပ်ဟောင်း Mr. Malcom Trunbull ၊ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr. Yukio Hatoyama ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Li Zhaoxing ၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Marty Natalegawa၊ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။ ၃၀-၅-၂၀၁၉ ရက်၊ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည့် 25th International Conference on “The Future of Asia” သို့ တက်ရောက်ရန် ဂျယ်ဂျူးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရပါသည်။