အီတလီသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင် Pescara မြို့တွင် ကျင်းပပြုလုပ်သည့် ဒေသတွင်း ကုမ္ပဏီများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း

(၃၁-၅-၂၀၁၉ ရက်၊ ရောမမြို့)

အီတလီသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်သည် ၂၉-၅-၂၀၁၉ ရက်တွင် အီတလီနိုင်ငံ အရှေ့ပိုင်း Abruzzo Region၊ Pescara မြို့ရှိ Centro Estero Camere Di Commercio D’Abruzzo အဖွဲ့အစည်းမှ ကျင်းပပြုလုပ်သည့် ဒေသတွင်းကုမ္ပဏီများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီးနှင့်အတူ အီတလီနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ ကုန်သွယ်ရေးသံမှူး Mr. Nguyen Duc Thanh နှင့် တရုတ်နိုင်ငံ ဥရောပစီးပွားရေးဆိုင်ရာ အဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌ Mr. Michele Geraci တို့ တက်ရောက်ခဲ့ပြီး ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲ၌ သံအမတ်ကြီးသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များနှင့်ပတ်သက်၍ Powerpoint Slide များဖြင့် ဆွေးနွေးခဲ့ပါသည်။ ထို့နောက် သံအမတ်ကြီးသည် မြန်မာနိုင်ငံသို့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးလိုသူများ၊ အိမ်သုတ်ဆေး၊ ကော်ဖီနှင့် ဝိုင်တင်သွင်းလိုသည့် ကုမ္ပဏီတစ်ခုချင်းစီနှင့် မြန်မာနိုင်ငံ သွင်းကုန်၊ ပို့ကုန်မူဝါဒများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။