ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ မြန်မာပွဲတော် ( ၂၀၁၉ ) ကျင်းပခဲ့ခြင်း

(၂၈-၅-၂၀၁၉ ရက်၊ နေပြည်တော်)

မြန်မာပွဲတော် (၂၀၁၉) အား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဇိုဂျောဂျိဘုရားကျောင်းတွင် ၂၀၁၉ ခုနှစ် မေလ ၂၅ ရက်နှင့် ၂၆ ရက်များ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတော်၏ ဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ဇနီး မဒမ် အာခိအဲအာဘေး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စစ် တိုရှိကိုအာဘေး၊ မြန်မာ-ဂျပန် ချစ်ကြည်ရေးအသင်း ဥက္က မစတာ အိချိရိုအအိဇဝ၊ စူရုဂရှိမမြို့ မြို့တော်ဝန် မစ္စတာ ယိုရှိဟိဆ ဆိုက်တို၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားပထမပိုင်းအဖြစ် ဇိုဂျောဂျိဘုရားကျောင်းရှိ ဒေးဒန်းခန်းမတွင် ကမ္ဘာ့ငြိမ်းချမ်းရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည်ရေးနှင့် ပွဲတော်အောင်မြင်ရေးတို့အတွက် ဆုတောင်းမေတ္တာပို့သမှု အခမ်းအနားပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား ခိုရှောဒန်ခန်းမတွင် ပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ဇနီး မဒမ်အာခိအဲအာဘေး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စစ်တိုရှိကိုအာဘေး၊ မြန်မာသံရုံး၊ တိုကျိုမြို့မှ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ မြန်မာ-ဂျပန် လွှတ်တော်အမတ်များ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ အိချိရိုအအိဇဝ၊ Myanmar Festival Organization ဥက္ကဋ္ဌ မစ္စတာ တဲရုအိုစဲခိဂုချိ ၊ NPO Greater Mekong Initiative (GMI) ဥက္ကဋ္ဌ မစ္စတာ အိဝကိရိုရှိအိုတို့မှ နှုတ်ခွန်းဆက်စကားများအသီးသီးပြောကြားခဲ့ကြပါသည်။

မြန်မာသံအမတ်ကြီးမှ အခမ်းအနားဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားရာတွင် မြန်မာပွဲတော်ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်စစ်စစ်နှင့် မြန်မာအစားအစာ၊ ရိုးရာယဉ်ကျေးမှုများအား ဂျပန်အပါအဝင် နိုင်ငံတကာမှ သိရှိနိုင်ရန် လည်းကောင်း၊ မြန်မာ-ဂျပန် ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ခြင်းမှတစ်ဆင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်ရေး၊ ကမ္ဘာကြီး၏ မည်သည့်နေရာသို့ ရောက်ရှိနေစေကာမူ မိမိလူမျိုး၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်၍ အမျိုးဂုဏ်မြင့်မားစေရန်လည်းကောင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာပွဲတော် အထိမ်းအမှတ်အနေဖြင့် ကျင်းပခဲ့သည့် ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် မြန်မာပွဲတော် ဒုတိယနေ့ အစီအစဉ်အဖြစ် ၂၆-၅-၂၀၁၉ ရက်နေ့ ၁၂၂၀ နာရီ၌ AEON 1% Club Foundation မှ UNICEF နှင့်ADRA Japan စသည့် အဖွဲ့အစည်းများမှတစ်ဆင့် မြန်မာနိုင်ငံတွင် မူလတန်းကျောင်းများ ဆောက်လုပ် လှူဒါန်းသည့် လှူဒါန်းငွေပေးအပ်သည့် မှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။

မြန်မာပွဲတော်(၂၀၁၉)တွင် မြန်မာသံရုံးမှ ဝန်ထမ်းများမှ တိုင်းရင်းသားအကနှင့် မြန်မာ့ရိုးရာ အကများဖြင့် အခမ်းအနားဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့ပြင် ဂျပန်နိုင်ငံရောက် မြန်မာကျောင်းသား လူငယ်များအဖွဲ့ (MYSA)၊ Myanmar Society Japan ရှမ်းတိုင်းရင်းသားများအဖွဲ့၊ ကရင်တိုင်းရင်းသားများအဖွဲ့၊ ချင်းတိုင်းရင်းသားများအဖွဲ့၊ မေတ္တာဖောင်ဒေးရှင်း၊ ယဉ်ကျေးမှုသုခုမအဖွဲ့ ၊ မင်္ဂလာဒိုးအဖွဲ့၊ Myanmar Active Students & Businesspeople Organization, Japan အဖွဲ့၊ ၂၀၂၀ တိုကျိုအိုလံပစ် အားကစားပွဲအတွက် မြန်မာအားကစားသမားများ စခန်းသွင်းလေ့ကျင့်ရေး Host Town အဖြစ် လက်ခံပေးသည့် စူရုဂရှိမမြို့၏ ယဉ်ကျေးမှုဖလှယ်ရေး လူငယ်ယဉ်ကျေးမှုအဖွဲ့၊ ဂျပန်အဆိုတော် စုဝါ ဂျွန်ကိုပါဝင်သော Pacific Venus အဖွဲ့နှင့် ဂျပန်ရိုးရာဖျော်ဖြေရေးအဖွဲ့ အသီးသီးတို့မှ ၂၅-၅-၂ဝ၁၉ ရက် နှင့် ၂၆-၅-၂ဝ၁၉ ရက် များတွင် ဖျော်ဖြေတင်ဆက်မှုများပြုလုပ်ခဲ့ပါသည်။

ထို့ပြင် ဇိုဂျောဂျိဘုန်းကြီးကျောင်းဝင်းအတွင်း၌ မြန်မာ့ရိုးရာလက်မှုပညာ အမှတ်တရ လက်ဆောင်ပစ္စည်း ဆိုင်ခန်းများ၊ မြန်မာ့အစားအသောက် ဆိုင်ခန်းများ၊ မြန်မာ့ခရီးသွားနှင့် ကုန်သွယ်ရေး မြှင့်တင်မှုဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားသည့် ရုံးခန်းများ ဖွင့်လှစ်ခဲ့ရာ ဂျပန်၊ မြန်မာနှင့် နိုင်ငံတကာမှ ဧည့်ပရိတ်သတ်ပေါင်း ၅၀,ဝဝဝ ခန့် တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

မြန်မာပွဲတော်အား၂၀၁၃ ခုနှစ်မှစတင်၍ ကျင်းပခဲ့ရာ ယခုကျင်းပခြင်းသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာပွဲတော် အခမ်းအနားဖြစ်ပါသည်။ မြန်မာပွဲတော်ကိုကျင်းပရခြင်းမှာ မြန်မာနိုင်ငံအကြောင်းကို ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းမှ သိရှိစေရန်၊ မြန်မာ့ယဉ်ကျေးမှုအစစ်အမှန်ကို ပြသခြင်းဖြင့် နိုင်ငံတကာနှင့် ဂျပန်လူမျိုးများအနေဖြင့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးနှင့် ပတ်သက်ပြီး ပိုမိုနားလည် သိရှိလာစေရန်နှင့် မြန်မာနှင့်ဂျပန် လူမျိုးတို့အကြား ပြည်သူချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။