ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Ms. Kang Kyung-wha နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တွေ့ဆုံခြင်း

(၂၈-၅-၂၀၁၉ ရက်၊ နေပြည်တော်)

၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်၊ (၁၇၀၀) နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Ms. Kang Kyung-wha အား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံ ခဲ့ပါသည်။ ယင်းတွေ့ဆုံမှုသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့လည်း လိုက်ပါတက်ရောက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကိုရီးယား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ၊ ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသစ်ဖြစ်သည့် တောင်ပိုင်းဆိုင်ရာ မူဝါဒသစ် (New Southern Policy) အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်သွားရေးကိစ္စ၊ မြန်မာနိုင်ငံ၌ ကိုရီးယားစီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားရေးကိစ္စ၊ နိုဝင်ဘာလတွင် ဘူဆန်မြို့၌ ကျင်းပပြုလုပ်မည့် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးနှင့် ကိုရီးယား-မဲခေါင် ထိပ်သီးအစည်းအဝေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြား ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံရှိ Industrial Bank of Korea (IBK) ၏ အမှုဆောင်ဒုတိယဥက္ကဌ Mr. Oh Hyuk-soo မှ တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။