ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခြင်း

(၂၄-၅-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့သည် (၂၄-၅-၂၀၁၉)ရက်၊ ၁၄၀ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲ၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရှင်းလင်းပြောကြားသည့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်သော အချက်အလက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

– ရခိုင်ပြည်နယ်အတွင်း ရေရှည်တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုများရှိစေရန် အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊

– ရခိုင်ပြည်နယ်အရေးကိစ္စဖြေရှင်းရေးမှာ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရာတွင် အတားအဆီးဖြစ်သည့်အတွက် မိမိတို့ ဝန်ကြီးဌာန၏ အဓိက ဦးစားပေးကိစ္စအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းမှာ အစိုးရ၏ ဦးစားပေးကိစ္စလည်းဖြစ်ကြောင်း၊

– အစိုးရအနေဖြင့် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ ဒေါက်တာကိုဖီအာနန်ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အပါအဝင် ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေးအတွက် လိုအပ်သည့် ယန္တရားများ တည်ထောင်ခဲ့ကြောင်း၊

အကြံပြုချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နေမှု

– အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထွက်ရှိသည့် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၄ ရက်တွင် အစီရင်ခံစာအား ကြိုဆိုခဲ့ပြီး၊ အကြံပြုချက်များအား တတ်နိုင်သမျှ အပြည့်အဝ အကောင်အထည် ဖော်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ အဆိုပါအစီရင်ခံစာတွင် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြောသော အနာဂတ်ဖော်ဆောင်နိုင်ရေးကို ဦးတည်သည့် မျှတသော အကြံပြုချက်ကောင်းများစွာပါဝင်ကြောင်း၊

– အဆိုပါအကြံပြုချက်အများစုမှာ အကောင်အထည်ဖော်ပြီး သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်ဆဲ ဖြစ်ကြောင်းကို အစိုးရအနေဖြင့် ပြောကြားပြီးဖြစ်ကြောင်း၊ သို့ရာတွင် မြေပြင်တွင် တိုးတက်မှုမရှိဟု ဝေဖန်ပြောဆိုမှုများရှိကြကြောင်း၊ ယင်းမှာ အခြေအနေအပေါ် အပြုသဘော သို့မဟုတ် အပြုသဘောမဆောင်သဘော ရှုမြင်ခြင်းနှင့်သာ သက်ဆိုင်ပါကြောင်း၊

– လူမှုစီးပွားဖွံ့ဖြိုးမှု ကဏ္ဍအား အကောင်အထည်ဖော်ရာတွင် လမ်းပမ်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးစသည့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးတို့၌ သိသာထင်ရှားသော တိုးတက်မှုများရှိကြောင်း၊ ယခုအခါ လူသားချင်းစာနာမှု ဘက်တွင် တိုးတက်မှုရှိရေးကို အာရုံစိုက်ဆောင်ရွက်လျက်ရှိကြောင်း၊

– ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မေလဆန်းတွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊

– အဆိုပါသုံးသပ်မှု၏နောက်ဆက်တွဲအဖြစ် ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် သင့်လျော်ကောင်းမွန်သည့် ပတ်ဝန်းကျင်ထူထောင်ရေး၊ အထူးသဖြင့် နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်၊ နိုင်ငံအဝန်း IDP စခန်းများ ပိတ်သိမ်းရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ကဏ္ဍတို့တွင် တိုးတက်မှုများရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

နိုင်ငံသားဖြစ်မှု

– နေရပ်စွန့်ခွာသူများမှာ ရခိုင်ပြည်နယ်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သူများနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ရောနှောလျက်ရှိရာ ပြန်လည်ဝင်ရောက်သူများအားလုံးအနေဖြင့် နိုင်ငံအတွင်း နေထိုင်ခဲ့သူများဖြစ်ကြောင်း စိစစ်မှုကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ စိစစ်ခြင်းနှင့် NVC ကတ် လျှောက်ထားခြင်းများမရှိပါက နိုင်ငံသားဖြစ်ခွင့် ရရှိမည်မဟုတ်ကြောင်း၊

– ပြန်လည်ဝင်ရောက်သူများအနေဖြင့် ပြန်လည်လက်ခံရေးစခန်းတွင် Biometric data များ ကောက်ယူပြီးပါက NVC ကတ်များ ရရှိမည်ဖြစ်ကြောင်း၊ ယင်း NVC ကတ်သည် ယာယီသက်သေခံလက်မှတ်ဖြစ်ပြီး၊ နိုင်ငံသားဖြစ်ခွင့် မရရှိမီ ပထမအဆင့်အနေဖြင့် ထုတ်ပေးခြင်းဖြစ်ကြောင်း၊

– NVC ကတ်ကိုင်ဆောင်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအဖြစ် အသိအမှတ်ပြုခံရပြီး နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း၊

သိသာထင်ရှားသော တိုးတက်မှုများ

နိုင်ငံသားပြုရေးကိစ္စ

– နိုင်ငံသားပြုရေးကိစ္စတွင် တိုးတက်မှုများ နှေးကွေးသည်ဟူသော ဝေဖန်မှုများရှိနေရာ အစိုးရအနေဖြင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးအတွက် လိုအပ်သည်များအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ခွင့်အတွက် ရှင်းလင်းသော လုပ်ငန်းစဉ်တစ်ရပ် ချမှတ်နိုင်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊

– အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မွေးဖွားနေထိုင်ခဲ့သူများအားလုံးကို မွေးစာရင်းများ ထုတ်ပေးနိုင်ရေး ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊

တရားဥပဒေစိုးမိုးရေး

– လွတ်လပ်စွာသွားလာခွင့်သည် လုံခြုံရေးအခြေအနေ၊ တရားဥပဒေစိုးမိုးရေးနှင့် အသိုက်အဝန်းများအကြား ယုံကြည်မှု အပြန်အလှန်တည်ဆောက်ရေးနှင့် သဟဇာတရှိမှုတို့အပေါ်တွင် များစွာမူတည်လျက်ရှိကြောင်း၊

– မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ရဲတပ်ဖွဲ့များသည် နိုင်ငံသားများနှင့် တိုင်းရင်းသား လူနည်းစုများ အပါအဝင် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူအားလုံးကို အကူအညီများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဒေသခံ လွတ်လပ်သောအဖွဲ့ အစည်းတစ်ခုမှကောက်ယူသည့် စစ်တမ်းအရ မွတ်စလင်လူဉီးရေ ၁,၂၀ဝ ၏ ၇၀ ရာခိုင်နှုန်းကျော်သည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဒေသခံရဲစခန်းများထံမှ အကူအညီများ ပိုမိုရရှိနေသည်ကို ကြားသိရကြောင်း၊

– အာဆီယံ ကနဉီးလိုအပ်ချက် ဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာတွင်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့များ တည်ရှိခြင်းသည် ဒေသခံရွာသားများအတွက် အနှောင့်အယှက် မဖြစ်စေသည့်အပြင် နေ့စဉ်လူနေမှုဘဝများ အတွက်လည်း အခက်အခဲမရှိဟု ဖော်ပြထားကြောင်း၊

ပြည်သူလူထုနှင့်ဆွေးနွေးပွဲများ

– အစိုးရဘက်မှ အဆင့်မြင့်အရာရှိကြီးများနှင့် အသိုက်အဝန်းများမှ ခေါင်းဆောင်များသည် ဆွေးနွေးပွဲများ ပွင့်လင်းစွာ ပြုလုပ်ခဲ့ပြီး၊ ယင်းဆွေးနွေးပွဲများတွင် အသိုက်အဝန်း ခေါင်းဆောင်များသည် ၎င်းတို့ဆွေးနွေးလိုသည့် မည်သည့် အကြောင်းအရာကိုမဆို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြကြောင်း၊

– ပြီးခဲ့သည့်(၅)လအတွင်း ယင်းကဲ့သို့ဆွေးနွေးပွဲ (၅) ခု ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့ထံမှ တုံ့ပြန်အကြံပြုချက်များကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများအကြား ပြန်လည်မျှဝေပေးသည့်အပြင် မူဝါဒရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များတွင် အလေးထားထည့်သွင်းစဉ်းစားပါကြောင်း၊

– ပြီးခဲ့သည့် ၁၂ လအတွင်း အစိုးရအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် ဒေသခံ NGO များနှင့် အသိုက်အဝန်းအဖွဲ့များက လူမှုပေါင်းစည်းရေးဆိုင်ရာလှုပ်ရှားမှု ၂၀ဝ ကျော်အား ပြုလုပ်နိုင်ခဲ့ကြောင်း၊

နိုင်ငံအဝန်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး မဟာဗျူဟာ

– ကချင်၊ ရှမ်း၊ ရခိုင်နှင့် ကရင်ပြည်နယ်များအပါအဝင် နိုင်ငံတဝန်းတွင် IDP စခန်းများ ပိတ်သိမ်းရေးအတွက် ပြည်ပ ကျွမ်းကျင်သူ၏အကူအညီဖြင့် အစိုးရမှ မဟာဗျူဟာများ ရေးဆွဲလျက်ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့များနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးနောက် ယင်းမဟာဗျူဟာအား အတည်ပြုရေးမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊

– အစိုးရမှ ကချင်လူသားချင်စာနာထောက်ထားမှုဆိုင်ရာကော်မတီ (KHCC) နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး၊ IDP များ ၎င်းတို့၏ နေရပ်သို့ လုံခြုံစွာပြန်လည်နေရာချထားရေး သဘောတူညီချက်ကို ရရှိခဲ့ကြောင်း၊

– အဆိုပါသဘောတူညီချက်အရ သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများမှ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အား ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ KHCC သည် IDP များအား အစားအသောက်၊ အဝတ်အထည် ထောက်ပံ့ခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးခြင်းအပါအဝင် လိုအပ်သော အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယင်းမှာ အစိုးရမှ ဦးစီးဦးဆောင်ပြု ဆောင်ရွက်လျက် ရှိသော IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်လာရေးတို့ကို များစွာအထောက်အကူပြုကြောင်း၊

ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

– မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား လက်မှတ်ရေးထိုးထားသည့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ဆိုင်ရာ အစီအစဉ် (Arrangement for repatriation and resettlement) ကို အကောင်အထည်ဖော်ရေးအတွက် အထောက်အကူပြုရန်ရည်ရွယ်၍ မြန်မာနိုင်ငံအစိုးရသည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယင်းစာချွန်လွှာကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နည်းပညာ လုပ်ငန်းအဖွဲ့ (Technical Working Group – TWG) ကို သက်ဆိုင်သည့်ဝန်ကြီးဌာနမျာ၊ UNDP နှင့် UNHCR တို့မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းခဲ့ပါကြောင်း၊

– TWG အနေဖြင့် (၈) ကြိမ် တွေ့ဆုံပြီးဖြစ်ကာ Rapid Needs Assessments (၂) ကြိမ် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လေ့လာဆန်းစစ်မှုတွင်ပါဝင်သည့် ကျေးရွာများနှင့် ကျေးရွာအုပ်စုများသို့ လိုအပ်သည့် နောက်ဆက်တွဲ နည်းပညာဆိုင်ရာ လေ့လာရေးဆန်းစစ်မှုများ ပြုလုပ်ရန်အတွက် UNDP/UNHCR အဖွဲ့များကို ခွင့်ပြုထားခဲ့ပြီးဖြစ်ပါကြောင်း၊

– လူမှုအသိုက်အဝန်းအားလုံးမှ ကျေးရွာသူကျေးရွာသားများ၏ အခြေခံလိုအပ်ချက်များကို အလေးပေးထားသည့် Quick Impact Project (၃၄) ခုကို UNDP နှင့် UNHCR တို့မှ အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊

– ယင်း QIP များတွင် ရေကန်များ အဆင့်မြှင့်တင်ခြင်း၊ သက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ဝင်ငွေတိုးစေရေး လုပ်ငန်းများ၊ ရေမြောင်းများအဆင့်မြှင့်တင်ခြင်း၊ ရေအရင်းအမြစ်များ စီစဉ်ပေးခြင်း၊ စာသင်ကျောင်းများ ပြုပြင်ပေးခြင်းနှင့် ချို့တဲ့သည့် မိသားစုဝင်များသို့ အထောက်အပံ့များ ကူညီခြင်းတို့ ပါဝင်ပါကြောင်း၊ လူမှုအသိုက်အဝန်းအားလုံးမှ ဤ QIP များကို ကြိုဆိုကြသည်ဟု သိရှိရကြောင်း၊

– နားလည်မှုစာချွန်လွှာတွင် ဦးစာပေးအဖြစ် သတ်မှတ်၍ UNHCR နှင့် UNDP တို့မှ ဖြည့်ဆည်းပေးရန် ကတိပြုထားသည့် မြန်မာဘက်ခြမ်း နယ်နိမိတ်တွင် နေထိုင်ကြသူများကို ပြန်လည်နေရာချထားပေးရန်ကိစ္စကို ဆောင်ရွက်ပေးရန် ကျန်ရှိနေသေးကြောင်း၊

– ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ သက်တမ်းကုန်ဆုံးပြီဖြစ်ရာ နားလည်မှုစာချွန်လွှာတွင် ပါဝင်သည့် သုံးဖွဲ့စလုံးက စာချွန်လွှာအား ပြင်ဆင်ပြောင်းလဲခြင်း မပြုဘဲ သံတမန်စာလဲလှယ်ခြင်းနည်းဖြင့် သက်တမ်းတိုး ရန် သဘောတူညီပြီဖြစ်ပါကြောင်း၊

– အခြေအနေများ တိုးတက်လာသည်နှင့်အမျှ မိမိတို့အနေဖြင့် ခရီးသွားလာခွင့်များနှင့် သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ခြင်းတို့ကို အရှိန်မြှင့်တင် လုပ်ဆောင်သွားရန် သဘောတူညီပါကြောင်း၊

အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

– ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်အရ အာဆီယံ၏ပံ့ပိုးကူညီမှုကို မိမိတို့မှ ကြိုဆိုခဲ့ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရာစေရန် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို ဆန်းစစ်လေ့လာရန်အတွက် AHA Centre မှ ဆန်းစစ်ရေးအဖွဲ့ကိုစေလွှတ်ပေးရန် အာဆီယံအတွင်းရေးမှူးချုပ်မှတစ်ဆင့် ဖိတ်ခေါ်ခဲ့ပါကြောင်း၊

– အာဆီယံအတွင်းရေးမှူးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် High-level Coordination Meeting ကို ပြုလုပ်ခဲ့ပါကြောင်း၊ ASEAN ERAT ၏ ဆန်းစစ်လေ့လာရေးအဖွဲ့၏ သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့်များ (Terms of Reference – TOR) ကို အတည်ပြုခဲ့ပါကြောင်း၊

– AHA Centre နှင့် ပူးပေါင်း၍ အာဆီယံ အရေးပေါ်တုန့်ပြန်မှုနှင့် ဆန်းစစ်ရေးအဖွဲ့ (ASEAN Emergency Response and Assessment Team – ASEAN-ERAT)မှ ကနဦးလိုအပ်ချက်များ ဆန်းစစ်ချက် (Preliminary Needs Assessment – PNA) ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်မှ ၁၃ ရက်အထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

– ကနဦးလိုအပ်ချက်များ ဆန်းစစ်ရေးအဖွဲ့ (Preliminary Needs Assessment Team) ၏ အစီရင်ခံစာ တင်ပြခဲ့ကြောင်း၊ အဆိုပါအစီရင်ခံစာတွင် စိစစ်ရေးလုပ်ငန်းစဉ် (verification process)၊ ပြန်လည်လက်ခံရေးစခန်းများ၏ လုပ်ထုံးလုပ်နည်း များ (reception centres procedures)၊ ကြားစခန်းများ (transit centres)၊ အခြေခံလိုအပ်ချက်များကို ရရှိနိုင်မှု အခြေအနေအပေါ် သဘောထားအမြင်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဧရိယာများကို ဖော်ပြထားကြောင်း၊

– ကနဦးလိုအပ်ချက်များ ဆန်းစစ်ချက် (PNA) တွင် ပြန်လည်လက်ခံရေးစခန်းများနှင့် ဒေသခံဝန်ထမ်းများ၏ စွမ်းဆောင် ရည်မြှင့်တင်ရေး၊ နေရပ်စွန့်ခွာသူများ သိရှိနိုင်ရန် သတင်းအချက်များ ဖြန့်ဝေရေး၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို သိရှိနားလည်မှု မြှင့်တင်ရေးနှင့် လူမှုအသိုက် အဝန်းများအားလုံးအတွက် အခြေခံဝန်ဆောင်မှုများ ပံ့ပိုးပေးရန် ဖြစ်နိုင်ခြေရှိမည့် နယ်ပယ်များနှင့်ပတ်သက်သော အကြံပြုချက်များ ထောက်ခံတင်ပြခဲ့ကြကြောင်း၊

– အာဆီယံ ERAT အဖွဲ့အနေဖြင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စနစ်တကျနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် နှစ်နိုင်ငံသဘောတူညီချက် အစီအစဉ်များနှင့်အညီ လက်ခံရေးအစီအစဉ်များ၊ အဆောက်အဦ တည်ဆောက်ခြင်းအပါအဝင် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများအား အသိအမှတ်ပြုပါကြောင်း၊

– နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်သည်နှင့် အလုံးစုံလိုအပ်ချက် ဆန်းစစ်လေ့လာခြင်း (CNA) အား စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အာဆီယံဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ယင်းဆန်းစစ်လေ့လာခြင်းလုပ်ငန်းအတွက် ပံ့ပိုးပေးနိုင်မည်ဟု သိရကြောင်း၊

– အာဆီယံအတွင်းရေးမှူးချုပ်မှ မြန်မာနိုင်ငံသို့ မေလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ထပ်မံလာရောက်ရန်ရှိပြီး၊ CNA မစတင်မီ ကြားကာလတွင် ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်ကိစ္စများကို အသေးစိတ်ဆွေးနွေးရန် ရှိကြောင်း၊

နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး

– အရေးတကြီးဆောင်ရွက်ရမည့် တာဝန်တစ်ရပ်မှာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို စတင်ရေး အလေးပေး ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ယင်းသို့ လက်ခံရေးအတွက် ပြင်ဆင်မှုများနှင့် အစီအမံများ ဆောင်ရွက်လျက်ရှိရာ သိသာထင်ရှားသည့် တိုးတက်မှုများ ရှိနေပြီဖြစ်ကြောင်း၊

– မြန်မာအစိုးရမှ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအကြား သဟဇာတဖြစ်ရေး၊ ယုံကြည်မှု အပြန်အလှန် တည်ဆောက်မြှင့်တင်ရေးတို့အတွက်လည်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊

– မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီထားသည့် ယန္တရားနှင့် arrangements များနှင့်အညီ စိစစ်ပြီး နေရပ်စွန့်ခွာသွားသူများကို စတင်လက်ခံရန် မြန်မာဘက်မှ အဆင်သင့်ဖြစ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊

– ရခိုင်ပြည်နယ်၏အခြေအနေမှာ သိမ်မွေ့ရှုပ်ထွေးနက်နဲသည့် ကိစ္စရပ်ဖြစ်ပြီး၊ ယင်းပြဿနာအား ဖြေရှင်းရန် အထူးသဖြင့် အသိုက်အဝန်းများအကြား ယုံကြည်မှုနှင့် သဟဇာတဖြစ်မှု တည်ဆောက်ရန်အတွက် လွတ်လပ်စွာလုပ်ပိုင်ခွင့်နှင့် အချိန်ကာလ အတိုင်းအတာ လိုပါကြောင်း၊

– နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို အမြန်ဆုံးစတင်နိုင်ရန်မှာ မိမိတို့ အိမ်နီးချင်း နှစ်နိုင်ငံအနေဖြင့် အရေးတကြီး ဆောင်ရွက်သွားရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ QIPs စီမံချက်များ အကောင်အထည်ဖော်ခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်း ကောင်းမွန်သည့် ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အာဆီယံကလည်း ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ကူညီဆောင်ရွက်ခြင်းဖြင့် ကုလသမဂ္ဂ၏ လုပ်ငန်းများကို ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း၊

– ရခိုင်ပြည်နယ်အား အေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်သည့်ဒေသအဖြစ် ပေါ်ထွန်းလာစေရန် အားထုတ်ကြိုးပမ်းခြင်းဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် သင့်လျော်ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ကြိုးပမ်းရာတွင် ရေရှည်တည်တံ့သည့် ဖြေရှင်းမှုရရှိရေးကို လိုလားသည့် မိတ်ဖက်နိုင်ငံများ၏ ကူညီပံ့ပိုးမှုများအား ကြိုဆိုပါကြောင်း၊

– လက်ရှိ လူသားချင်းစာနာထောက်ထားမှုအခြေအနေများမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာမှုများပါဝင်လျက်ရှိရာ ယင်းကိစ္စအား နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းမှတစ်ဆင့် နှစ်နိုင်ငံအကြား သဘောတူထားသည့် အစီအစဉ်များနှင့်အညီ နှစ်ဖက်လုံးမှ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းသွားရန် လိုအပ်ကြောင်း၊

– လူသားချင်းစာနာထောက်ထားမှုပြဿနာများအား ဖြေရှင်းရန် နှစ်နိုင်ငံချင်း အားထုတ်ကြိုးပမ်းမှုများအား ပျက်ပြားစေရန် ကြိုးပမ်းမှုများနှင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ထိခိုက်စေနိုင်သည့် လုပ်ဆောင်ချက်များသည် ပြဿနာကို ဖြေရှင်းရာတွင် အကူအညီ ဖြစ်စေမည် မဟုတ်ဘဲ အသိုက်အဝန်းများအား ပိုမိုကွဲပြားမှုဖြစ်စေနိုင်ပြီး၊ မိမိတို့အကာအကွယ်ပေးလိုသည့် နေရပ်ရွှေ့ပြောင်းသူများ ခံစားရသည့် ဒုက္ခများကိုသာ ပိုမိုရှည်ကြာစေမည် ဖြစ်ကြောင်း။