ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခြင်း

(၂၄-၅-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့သည် (၂၄-၅-၂၀၁၉)ရက်၊ ၁၄၀ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အား တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ၏ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ရှင်းလင်းပြောကြား သည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပူးတွဲလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် စိန်ခေါ်မှုများ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

– မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ၂၇၁ ကီလိုမီတာကျော်ရှိသည့် ကုန်းနယ်နိမိတ်နှင့် နတ်ဖ်မြစ် နယ်နိမိတ်တို့ဖြင့် ဆက်စပ်လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံသည် ၁၉၇၁ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် လွတ်လပ်ရေး ရရှိခဲ့ပါကြောင်း၊

– မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၉၇၂ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် သံတမန်ဆက်သွယ်ခဲ့ပြီး၊ နှစ်နိုင်ငံအကြား ပူးတွဲကော်မရှင်ထူထောင်ခြင်း နားလည်မှုစာချွန်လွှာကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊

– မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး အတွင်းဝန် Mr. MdShahidulHaque ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် လက်ခံခဲ့ကြောင်း၊

– နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးကိုယ်စားလှယ်အဖြစ် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်သည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် လည်းကောင်း၊ နိုင်ငံတော် အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် လည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊

– နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး၏ ဖိတ်ကြားချက်အရ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mr. Mohmood Ali သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံသို့လည်းကောင်း သွားရောက်ခဲ့ပါ ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့လည်း သွားရောက်ခဲ့ပြီး နှစ်ဖက် အသိုက်အဝန်းများနှင့် တွေ့ဆုံခဲ့ကြောင်း၊

– မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်နိမိတ်စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ၁၉၈၀ ပြည့်နှစ်၊ ဒီဇင်ဘာလက ဒါကာမြို့တွင် လည်းကောင်း၊ နတ်ဖ်မြစ်အတွင်း ပုံသေရေနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်ကို ၁၉၆၆ ခုနှစ်၊ မေလကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊

– ထို့အပြင် နတ်ဖ်မြစ်မြောက်ပိုင်း ကုန်းနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊

– ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်တွင် နတ်ဖ်မြစ်မြောက်ပိုင်း ကုန်းနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက် (၁၉၉၈) ကို အတည်ပြုလက်မှတ် ရေးထိုးသည့်စာချွန်လွှာကို လဲလှယ်နိုင်ခဲ့ပြီး၊ နတ်ဖ်မြစ်အတွင်း ပုံသေရေနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်၏ နောက်ဆက်တွဲစာချုပ် (၂၀ဝ၇) ကို နှစ်ဖက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊

– တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားရောက်သူများအား နှစ်နိုင်ငံအစီအမံဖြင့် ဆွေးနွေးဆောင်ရွက်ခဲ့သည့် အစဉ်အလာများ ရှိခဲ့ပါကြောင်း၊

– တော်လှန်ရေးကောင်စီလက်ထက် ရခိုင်ပြည်နယ်၊ မေယုဒေသအတွင်း မူဂျာဟစ်သူပုန်များကို စစ်ဆင်ရေးများဖြင့် နှိမ်နင်းခဲ့ရာတွင် ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၌ မူဂျာဟစ်သူပုန်များ လက်နက်ချခဲ့ပါကြောင်း၊

– မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကာလတွင်လည်း နဂါးမင်းစစ်ဆင်ရေးကြောင့် တစ်ဖက်နိုင်ငံသို့ ၁၅၆,၆၃၀ ဦး ထွက်ပြေး သွားခဲ့ပါကြောင်း၊ ၁၉၇၈ ခုနှစ်၊ သြဂုတ်လတွင် ဟင်္သာစီမံချက်ဖြင့် တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူ များအား ပြန်လည်လက်ခံခဲ့ရာ ၁၈၆,၉၉၆ ဦးပြန်လည် ဝင်ရောက်လာခဲ့ပါကြောင်း၊ ယင်းတွင် လူ ၃၀,၃၆၆ ဦး ပိုမိုပါဝင်လာခဲ့ကြောင်း၊

– ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလတွင် အလားတူနေရပ်စွန့်ခွာမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ နှစ်နိုင်ငံ ဝန်ကြီးအဆင့်နှင့် အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေးများကို ၁၉၉၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့ပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ၌ စတင်ခဲ့ပါကြောင်း၊

– တစ်ဖက်နိုင်ငံမှ နေရပ်စွန့်ခွာသူ ၂၃၆,၄၉၅ ဦး ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်သည် ၂၀ဝ၅ ခုနှစ်၊ ဇူလိုင်လအထိ ကြာမြင့်ခဲ့ပါကြောင်း၊ ၂၀ဝ၄ ခုနှစ်၊ သြဂုတ်လတွင် နှစ်ဖက်ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်ဘက်က လူ ၂,၄၁၅ ဦးသာ ကျန်ရှိပါကြောင်း အတည်ပြု ပြောကြားခဲ့ကြောင်း၊

– ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နှစ်ခုနောက်ပိုင်း တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံသွားနိုင်ရေးအတွက် ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ်ကို နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Mahmood Ali တို့ Arrangement ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၌ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊

– မြန်မာနိုင်ငံ၏ အစဉ်တစိုက် ရပ်တည်ချက်မှာ အိမ်နီးချင်းနိုင်ငံများအကြား ဖြစ်ပွားသည့် ကိစ္စရပ်များကို နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းလျက် အဖြေရှာဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊

– ယင်း Arrangement ကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ပါရန် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group) ဖွဲ့စည်းသွားနိုင်ရေးအတွက် Terms of Reference ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ဒါကာမြို့၌ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊

– ယင်း Terms of Reference နှင့်အညီ ပူးတွဲလုပ်ငန်းအဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်အဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊

– ပူးတွဲလုပ်ငန်းအဖွဲ့မှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားရောက်သူများကို Arrangement နှင့်အညီ စနစ်တကျ ပြန်လည်လက်ခံနိုင်ရေးအတွက် Physical Arrangement တစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ ယင်းနှင့်အတူ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံနိုင်ရေးအတွက် Verification Form ကိုလည်း နှစ်ဖက်ညှိနှိုင်းခဲ့ပြီး Physical Arrangement တွင် တွဲဖက်ထားရှိပါကြောင်း၊

– သို့ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသည့် ပုံစံများသည် နှစ်ဖက်သဘောတူညီထားသည့် ပုံစံမဟုတ်ပါကြောင်း၊ မိသားစုဦးစီးနှင့် မိသားစုဝင်များ၏ လက်မှတ်နှင့် လက်ဗွေရာများပါရှိခြင်း မရှိပါကြောင်း၊ ထို့အပြင် ကာယကံရှင် ကိုယ်တိုင် မိမိဆန္ဒအလျောက် ပြန်လာလိုကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လာခွင့်ပြုပါက ယင်း၏ဥပဒေများကို လေးစားလိုက်နာ ပါမည်ဆိုသည့် အချက်ကို ချန်လှပ်ထားပါကြောင်း၊

– မြန်မာနိုင်ငံအစိုးရအနေဖြင့် Arrangement နှင့်အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်၌ စတင်နိုင်ရန် အသင့်ပြင်ဆင်ထားခဲ့ပါကြောင်း၊

– ထို့အပြင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ရေးအတွက် တစ်ဖက်နိုင်ငံရောက် ဟိန္ဒူဘာသာကိုးကွယ်သူ ၅၀၈ ဦးနှင့် စိစစ်ပြီးမွတ်ဆလင်ဘာသာကိုးကွယ်သူ ၇၅၀ ဦးတို့၏ စာရင်းများကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကထဲက ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊

– ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလက ဒါကာမြို့တွင် ကျင်းပခဲ့သည့် ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်ကလူ ၈,၀၃၂ ဦး၏ ပုံစံများပေးအပ်ခဲ့ကြောင်း၊ ယင်း ၈၀၃၂ ဦးကို စိစစ်ပြီးဖြစ်ပါကြောင်း၊ ယင်းအနက် ၅,၃၈၄ ဦးမှာ ရခိုင်ပြည်နယ်တွင် ယခင်ကနေထိုင်ခဲ့ သူများဖြစ်ပြီး ၆၈ ဦးမှာအကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ခဲ့ပြီး၊ ၂,၄၃၁ ဦးမှာ မိသားစုစာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း၊ ယင်းစိစစ်ပြီးစာရင်းများကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်ကြားပြီးဖြစ်ပါကြောင်း၊

– ပထမအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို နေပြည်တော်တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်က ကျင်းပခဲ့ပြီး Physical Arrangement ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊

– ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို ဒါကာမြို့တွင် ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်က ကျင်းပခဲ့ပါကြောင်း၊

– တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို ဒါကာကမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်က ကျင်းပခဲ့ပါကြောင်း၊ ယင်းခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကော့ခ်ဘဇားရှိ Kutupalong စခန်းသို့ သွားရောက်ခဲ့ကာ မွတ်ဆလင်နှင့် ဟိန္ဒူကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အသိပေးပြောကြားခဲ့ကြောင်း၊

– တတိယအကြိမ်အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ လူ ၂၂,၄၃၂ ဦး၏ အချက်အလက် ပုံစံများကို ပေးအပ်ခဲ့ ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်အထိ ၂၂,၄၃၂ ဦးအနက် ၁၆,၀၁၃ ဦးကို စိစစ်နိုင်ခဲ့ပါကြောင်း၊ ယင်းတွင် ၁၀,၈၅၈ ဦးသည် ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သူများဖြစ်ကြပြီး၊ အကြမ်းဖက်လုပ်ငန်းတွင် ပါဝင်ခဲ့သူ ၉၃ ဦးနှင့် မိသားစုစာရင်းတွင် ပါဝင်ခြင်းမရှိသူ ၅,၁၅၅ ဦး စိစစ်တွေ့ရှိရပါကြောင်း၊ အထက်ပါစာရင်းမှ ၁,၂၀၅ ဦး၏စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ပြီးဖြစ်ပါကြောင်း၊

– စတုတ္ထအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်က ပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားခဲ့သည့် သဘောတူညီချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ကြောင်း၊

– နှစ်နိုင်ငံအကြား သဘောတူလက်မှတ်ရေးထိုးထားသည့် Arrangement နှင့် Physical Arrangement တို့နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက ပြန်လည်လက်ခံရေးကို ဆောလျင်စွာ စတင်နိုင်မည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ အကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အခက်အခဲများ ကြုံတွေ့ရပါကလည်း ဖြေရှင်းရန်အစီအမံများ ချမှတ်ထားပြီးဖြစ်ပါကြောင်း၊

– နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တစ်ဖက်နိုင်ငံတို့မှ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးကို အမြဲတောင်းဆိုလေ့ရှိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

– ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ခဲ့သည့် ASEAN ERAT Team ၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နှစ်ဖက်အသိုက်အဝန်းများကို မေးမြန်းရာ၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့များကြောင့် ၎င်းတို့၏ နေ့တဒူဝလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတား မဖြစ်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါကြောင်း၊

– မိမိတို့အနေဖြင့် တစ်ဖက်နိုင်ငံစခန်းများ၏ လုံခြုံရေးကိုလည်း မေးခွန်းထုတ်လိုပါကြောင်း၊ International Crisis Group ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကော့ခ်ဘဇားရှိ စခန်းများအတွင်း အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ၊ ပြန်ပေးဆွဲမှုများ ဖြစ်ပွားနေကြောင်း၊ ကျူးလွန်သူများကိုလည်း တရားစွဲဆိုမှု မရှိကြောင်း၊ ဒုက္ခသည် ခေါင်းဆောင်များအနေဖြင့် ARSA ၏ ခြိမ်းခြောက်မှုများကြောင့် ၎င်းတို့၏ လုံခြုံရေးနှင့် အသက်ခန္ဓာအတွက် အမြဲတမ်း စိုးရိမ်နေရကြောင်း ဖော်ပြထားပါကြောင်း၊

– မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြမ်းဖက်သမားများစာရင်းကို အကြိမ်ကြိမ် ပေးပို့ခဲ့ပါကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၎င်းတို့နိုင်ငံအနေဖြင့် Zero Tolerence Policy ကို ကျင့်သုံးကြောင်း၊ အကြမ်းဖက်သမားများကို ၎င်းတို့မြေပေါ်တွင် လက်ခံထားခြင်း မပြုကြောင်း ပြန်ကြားလာခဲ့ပါကြောင်း၊ ထို့ကြောင့် စခန်းများတွင် ဖြစ်ပျက်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါကြောင်း၊

– ထို့အပြင် မကြာသေးမီက မလေးရှားနိုင်ငံတွင် အကြမ်းဖက်သမား ၄ ဦးကို ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ယင်း ၄ ဦးအနက် တစ်ဦးမှာ ARSA ထောက်ခံသူဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် အရေးကြီးပုဂ္ဂိုလ်များအား လုပ်ကြံရန်နှင့် ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဘုရားကျောင်းများကို တိုက်ခိုက်ဖျက်ဆီးရန် ကြံစည်ခဲ့သူများဖြစ်ပါကြောင်း၊

– ထို့ကြောင့် အကြမ်းဖက်မှုနှင့် အစွန်းရောက်မူဝါဒများကို အလေးအနက်ထား ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။