တတိယအကြိမ် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်ပူးတွဲစစ်ဆေးရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပခြင်း

(၂၄-၅-၂၀၁၉ ရက်၊ နေပြည်တော်)

တတိယအကြိမ် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်ပူးတွဲစစ်ဆေးရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၂၂-၅-၂၀၁၉ ရက်မှ ၂၄-၅-၂၀၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန၊ ညွှန်ကြာရေးမှူးချုပ် ဦးမျိုးသန့်ဖေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာ ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Wang Wenli ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ်ပူးတွဲ စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည် ဖော်ရန်အတွက် ကြိုတင်ပြင်ဆင်ရန်ရှိသည့် လုပ်ငန်းများအပေါ်အဓိကထား၍ နှစ်ဖက် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် အစည်းအဝေးသဘောတူညီချက် မှတ်တမ်းအား ၂၄-၅-၂၀၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။