Passport D.C.: “Around the World Embassy Tour” အစီအစဉ်တွင် မြန်မာသံရုံး၊ ဝါရှင်တန်မြို့ ပါဝင်ခဲ့ခြင်း

(၉-၅-၂၀၁၉ ရက်၊ နေပြည်တော်)

ဝါရှင်တန်ဒီစီနှင့် အနီးအနား၌ နေထိုင်ကြသူများကို ဝါရှင်တန်မြို့ရှိ နိုင်ငံခြားသံရုံးများအား ဝင်ရောက်လေ့လာခွင့် ပြုသည့် Passport D.C. : “Around the World Embassy Tour” ၏ ၂၀၁၉ ခုနှစ် အစီအစဉ်အရ မြန်မာသံရုံး၊ ဝါရှင်တန်မြို့သည် မေ ၄ ရက်နေ့တွင် နံနက် (၁၀) နာရီမှ မွန်းလွဲ (၄) နာရီအထိ သံရုံး၏အဝင်တံခါးကို ဖွင့်လှစ်ထား၍ လေ့လာသူများကို အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုခဲ့ကာ နံနက် (၁၀) နာရီ၊ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာသံအမတ်ကြီး၊ မြန်မာပုဂ္ဂလိကကဏ္ဍ (Orchestra Travels ၊ Golden Myint Manufacturing Co.,Ltd. ၊ UMFCCI ) နှင့် အမေရိကန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပါသည်။

မြန်မာသံရုံးအဆောက်အဦအတွင်း မြန်မာ့လက်မှုပစ္စည်းများ၊ တူရိယာပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာဝတ်စုံများ နှင့် အသုံးအဆောင်များ၊ မြန်မာ့ရိုးရာကို ထင်ဟပ်စေသည့် ပန်းချီလက်ရာများနှင့် ခရီးသွားဒေသများဆိုင်ရာ ပိုစတာများ၊ ပုသိမ်ထီးများကို သံရုံးအတွင်း ခင်းကျင်းပြသခဲ့ပြီး၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ မြန်မာ့ထွက်ကုန်ပစ္စည်းများကိုလည်း စိတ်ဝင်စားဖွယ် ခင်းကျင်းပြသခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (intangible cultural heritage) တစ်ခုဖြစ်သည့် မြန်မာ့သနပ်ခါးကို အထူးတင်ဆက်မှု တစ်ရပ်အနေနှင့် ပြသခဲ့ရာ ဧည့်သည်များအား သနပ်ခါးအကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် သနပ်ခါး လိမ်းခြယ်ခြင်းကို စီစဉ်ခဲ့ရာ နှစ်ခြိုက်သဘောကျခဲ့ကြပါသည်။ ထို့ပြင် မြန်မာ့ရိုးရာမင်းသား၊ မင်းသမီးဝတ်စုံများ ငှားရမ်းဝတ်ဆင်၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးသူများလည်း ရှိခဲ့ပါသည်။

ထို့ပြင် သံရုံးအဆောက်အဦ၏ အနောက်ဖက်ဝင်းအတွင်း လာရောက်လေ့လာသူများကို မြန်မာ့ရိုးရာ အစားအစာများဖြင့် အခမဲ့ကျွေးမွေးဧည့်ခံခဲ့ပြီး မြန်မာသံရုံးနှင့် စစ်သံရုံး ဝန်ထမ်းများနှင့် မြန်မာအသိုင်းအဝိုင်းမှ စေတနာရှင်များက မြန်မာ့ယဉ်ကျေးမှုအနုပညာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာတွင် အားပေးကြည့်ရှုသူ အထူးများပြားခဲ့ပါသည်။

ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးအနေနှင့် ပထမဦးဆုံးအကြိမ်အဖြစ် Passport D.C. : “Around the World Embassy Tour” အစီအစဉ်တွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ဧည့်သည်ပေါင်း (၃,၀၀၀) ကျော် လာရောက်ခဲ့ကာ မွန်းလွဲ (၄) နာရီတွင် မြန်မာသံရုံး၏ Open House ကျင်းပမှုကို “မန်းတောင်ရိပ်ခို” သီချင်းဖြင့် အောင်အောင်မြင်မြင် ရုပ်သိမ်းခဲ့ပါသည်။

Passport D.C. : “Around the World Embassy Tour” အစီအစဉ်ကို အကျိုးအမြတ် မရယူသော အဖွဲ့အစည်းဖြစ်သည့် Cultural Tourism DC က ၂၀၀၇ ခုနှစ်မှစတင်၍ နှစ်စဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် အစီအစဉ်တွင် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးအပါအဝင် သံရုံးပေါင်း (၅၁) ရုံး ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။