အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၈-၅-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) သံအမတ်ကြီး H.E. Mr. Kristian Schmidt အား ၈-၅-၂၀၁၉ ရက်၊ ၁၅၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စများ၊ မြန်မာ-ဥရောပသမဂ္ဂ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဘရပ်ဆဲလ်မြို့တွင် ကျင်းပရေးကိစ္စ၊ ရခိုင်ပြည်နယ်ဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဥရောပသမဂ္ဂက အပြုသဘော ကူညီဆောင်ရွက်သွားရေးကိစ္စ စသည်တို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။