ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ

(၇-၅-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေး ကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ ၆-၅-၂၀၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်အစိုးရအဖွဲ့ စသည်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ကော်မတီ၏ အဓိက လုပ်ငန်းတာဝန်များဖြစ်သည့် ပြည်ပရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်စိစစ်လက်ခံရာတွင် သက်ဆိုင်ရာနိုင်ငံတို့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ မိမိနိုင်ငံသားမဟုတ်သူများ ပါဝင်လာမှုမရှိစေရေး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လတ်တလော လိုအပ်ချက်များ အပေါ် ထောက်ပံ့ဖြည့်ဆည်းပေးနိုင်ရေး၊ မလိုလားအပ်သည့် လူကုန်ကူးမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးနှင့် နေရပ်သို့ ပြန်လည်ထွက်ခွာရန် အဆင်ပြေချောမွေ့စေရေး စသည်တို့ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သတင်းကြိုတင် ဆက်သွယ်ရယူရေးနှင့် သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ စိစစ်လက်ခံရေး ဆပ်ကော်မတီ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် နေရာချထားရေးဆပ်ကော်မတီ စသည့် ဆပ်ကော်မတီ (၃)ခု ဖွဲ့စည်းဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးခဲ့ပါသည်။

ထို့ပြင် ဗဟိုကော်မတီနှင့် ဆပ်ကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆပ်ကော်မတီများ၊ ခရိုင်/မြို့နယ်အဆင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားခြင်း၊ ကော်မတီအသီးသီး ဖွဲ့စည်းပုံသတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်လက်ခံမည့် ဂိတ်များသတ်မှတ်ခြင်း စသည်တို့ အပါအဝင် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။