တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်

(၂၉-၄-၂၀၁၉ ရက်၊ ပေကျင်းမြို့)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာဆီနာ ပါတိုင်းတဲ့ ချိုဟွန်ဆင်၏ ဖိတ်ကြားချက်အရ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်ရန် ယနေ့ ဒေသစံတော်ချိန် ၀၉၄၅နာရီအချိန်တွင် တရုတ်နိုင်ငံ၏ အထူးလေယာဉ်ဖြင့် ပေကျင်းမြို့မှ ကူမင်းမြို့သို့ ထွက်ခွာခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့၊ Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၁၃၃၀ နာရီတွင် ရောက်ရှိရာ ယူနန်ပြည်နယ် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Zhang Guohua၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ဦးစိုးပိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ် အထူးဧည့်ခန်းမဆောင်တွင် ၎င်းအား လာရောက်ဂါရ၀ပြုတွေ့ဆုံသည့် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Cheng Hao အား လက်ခံတွေ့ဆုံခဲ့ပြီး ဒေသစံတော်ချိန် ၁၄၃၀နာရီတွင် မြန်မာအထူးလေယာဉ်ဖြင့် ကူမင်းမြို့မှ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။