နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘောဒီးယားနိုင်ငံ တရားဝင်ချစ်ကြည်ရေးခရီးစဉ် (ပထမနေ့)

(၂၉-၄-၂၀၁၉ ရက်၊ ဖနောင်ပင်မြို့)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာဆီနာ ပါတိုင်းတဲ့ ချိုဟွန်ဆင်၏ ဖိတ်ကြားချက်အရ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးလာရောက်ရန် ယနေ့ ဒေသစံတော်ချိန် ၁၆၀၅နာရီ အချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။

ဖနောင်ပင်လေဆိပ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘောဒီးယားနိုင်ငံ အမျိုးသမီးရေးရာဝန်ကြီးဌာနဝန်ကြီး H.E. Dr. Kantha Phavi ၊ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Eat Sophea ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Mr. Sok Chea နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ တည်းခိုသည့် Great Duke Phnom Penh ဟိုတယ်မှ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်၍ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းကိုကို၊ သံရုံးနှင့် စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အမှာစကားပြောကြားပြီး မြန်မာသံရုံးမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။