မြန်မာသံရုံး၊ ကိုင်ရိုမြို့က မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပ

(၂၄-၄-၂၀၁၉ ရက်၊ ကိုင်ရိုမြို့)

အာရပ်အီဂျစ်သမ္မတနိုင်ငံ၊ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၄ ရက်၊ ဒေသစံတော်ချိန် ၁၃၀၀နာရီမှ ၁၅၀၀ နာရီအထိ သံရုံးပရဝဏ်အတွင်း၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အား ကျင်းပ ပြုလုပ်ခဲ့ရာ အီဂျစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကိုင်ရိုမြို့ အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် အာရှနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာနယ်ဇင်း လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ကိုင်ရိုမြို့ တွင် လာရောက်ပညာသင်နေကြားနေကြသည့် မြန်မာနိုင်ငံသား ကျောင်းသား/ သူများနှင့် အီဂျစ်နိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာမိသားစုများ တက်ရောက်ခဲ့ကြပါသည်။

သင်္ကြန်ပွဲတော်တွင် မြန်မာသံအမတ်ကြီးမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြား၍ တက်ရောက် လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးနောက် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများဖြစ်သည့် ယွန်းထည်များ၊ ရွှေချည်ထိုးပန်းချီကားများ၊ ကျောက်စီပန်းချီကားများနှင့် မြန်မာ့ရှုခင်း၊ မြန်မာ့အလှတို့ ပါဝင်သည့် ခရီးသွားလုပ်ငန်းတိုးတက်ရေး ဗီဒီယိုများကို ပြသခဲ့ပါသည်။ ယင်းနောက် ကိုင်ရိုမြို့ရောက် မြန်မာအသိုင်းအဝိုင်းက ကြွရောက်လာကြသည့် ဧည့်သည်တော်များအား သင်္ကြန်သီချင်းများနှင့် ရိုးရာ တိုင်းရင်းသားဝတ်စုံများ ဆင်မြန်းကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဖော်ကျူးသည့် သီချင်းများ အား သီဆိုကပြ ဖျော်ဖြေခဲ့ပါသည်။

မြန်မာသံရုံး၊ ကိုင်ရိုမြို့က ကျင်းပပြုလုပ်ခဲ့သည့် သင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံ၏ ရိုးရာ၊ အကအလှ ယဉ်ကျေးမှုများ၊ မြန်မာနိုင်ငံအတွင်းရှိ လှပသည့် ခရီးသွားဒေသများကို ပြသနိုင်ခဲ့ပြီး ယဉ်ကျေးမှု ဖလှယ် နိုင်ခဲ့သည့်အပြင် အီဂျစ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုအင်အားကို ပြသနိုင်ခဲ့ကြောင်း သိရှိရပါသည်။