မြန်မာသံရုံး၊ ရောမမြို့က မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ကျင်းပ

(၂၂-၄-၂၀၁၉ ရက်၊ ရောမမြို့)

အီတလီသမ္မတနိုင်ငံ၊ ရောမမြို့ရှိ မြန်မာသံရုံးသည် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၀ ရက်၊ ဒေသစံတော်ချိန် ၁၁၀ဝ နာရီမှ ၁၄၃၀ နာရီအထိ မြန်မာသံရုံး၌ ကျင်းပခဲ့ရာ အီတလီသမ္မတနိုင်ငံ၊ ပါလီမန်အမတ် Mr. Alessandro Battilocchio၊ ရောမမြို့အခြေစိုက် အာဆီယံ သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ အီတလီနိုင်ငံရှိ မြန်မာခရစ်ယာန်ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ အီတလီနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာမိသားစုများနှင့် အီတလီနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော မြန်မာကျောင်းသား ကျောင်းသူများ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာလိုသည့် ကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်္ကြန်ပွဲတော်တွင် မြန်မာသံအမတ်ကြီးမှ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြား၍ မြန်မာသံရုံး ဝန်ထမ်းမိသားစုများ၊ အီတလီနိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာအသိုင်းအဝိုင်း မိသားစုများက သင်္ကြန်သီချင်းများ၊ အကများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစားအစာများဖြစ်သော မုန့်ဟင်းခါး၊ ရွှေရင်အေး၊ ကျောက်ကျော၊ မုန့်လုံးရေပေါ်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။