ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပ

(၁၅-၄-၂၀၁၉ ရက်၊ ကူမင်းမြို့)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် ၂၀၁၉ ခုနှစ် ဧပြီလ ၁၃ ရက် တွင် ကောင်စစ်ဝန်ချုပ်ရုံး ပရဝုဏ်အတွင်း၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Xia Jianfeng ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များ၊ တက္ကသိုလ်များနှင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ ယူနန်ပြည်နယ်ရှိ မြန်မာအသိုင်းအဝိုင်း၊ ကူမင်းမြို့ရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူလျက်ရှိသော အစိုးရဝန်ထမ်းများ၊ မြန်မာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

သင်္ကြန်ပွဲတော်တွင် ကူမင်းမြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ယူလျက်ရှိသော မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာစာအဓိက သင်ယူလျက်ရှိသော တရုတ်ကျောင်းသား၊ ကျောင်းသူများမှ ကပြဖျော်ဖြေခဲ့ကြပြီး လာအိုနိုင်ငံမှ ကျောင်းသူ များမှလည်း ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယခုအကြိမ် သင်္ကြန်ပွဲတော် ကျင်းပခြင်းသည် (၄)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများအား ပြသနိုင်ရန်နှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။