အာဆီယံ-မြန်မာအမျိုးသားအတွင်းရေးမှူးရုံးနှင့် ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်းတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ

(၁၁-၄-၂၀၁၉ ရက်၊ နေပြည်တော်)

အာဆီယံ-မြန်မာအမျိုးသားအတွင်းရေးမှူးရုံးနှင့် ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်းတို့အကြား အပြန်အလှန် အထောက်အကူပြု ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်ရှိ Park Royal Hotel ၌ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်၊ နံနက် ၁၁၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ခန့်ဆုမ်းနှင့် ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်း၊ ဌာနေကိုယ်စားလှယ် Mr. Achim Munz တို့က အဆိုပါ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အာဆီယံရေးရာဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များနှင့် စီးပွားရေးဦးစီးဌာနနှင့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနတို့မှ ဒုတိယ ညွန်ကြားရေးမှူးချုပ်များ၊ ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အာဆီယံရေးရာဦးစီးဌာနမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အာဆီယံ-မြန်မာအမျိုးသားအတွင်းရေးမှူးရုံးနှင့် ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်းတို့ လက်မှတ် ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ အာဆီယံ-မြန်မာအမျိုးသားအတွင်းရေးမှူးရုံး၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ အာဆီယံဆိုင်ရာသင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ အာဆီယံ အစည်းအဝေးများသို့ လေ့လာရေးကိုယ်စားလှယ်များ စေလွှတ်ခြင်း၊ အာဆီယံနှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ ဘာသာပြန်ဆိုထုတ်ဝေခြင်း စသည့် ကဏ္ဍများတွင် အပြန်အလှန်အထောက်အကူပြု ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အာဆီယံ-မြန်မာ အမျိုးသားအတွင်းရေးမှူးရုံးနှင့် ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်းတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၂ခုနှစ်တွင် စတင်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄နှင့် ၂၀၁၇ခုနှစ်တွင် သက်တမ်းတိုးချုပ်ဆိုခဲ့ကာ ယခုအကြိမ်သည် တတိယအကြိမ်မြောက် သက်တမ်းတိုးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။