ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဟိုကိုင်းဒိုးခရိုင်၊ ဆာပိုရိုမြို့၊ မာရူယာမ တိရစ္ဆာန်ရုံသို့ မြန်မာနိုင်ငံမှ ဆင် (၄) စီး လှူဒါန်းခြင်းနှင့် အများပြည်သူထံသို့ မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်

(၁၀-၄-၂၀၁၉ ရက်၊ ဆာပိုရိုမြို့)

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်သည် ဟိုကိုင်းဒိုးခရိုင်၊ ဆာပိုရိုမြို့၊ မာရူယာမ တိရစ္ဆာန်ရုံ၌ ၁၂-၃-၂၀၁၉ ရက်၊ ၁၁၃၀ နာရီတွင် ကျင်းပခဲ့သည့် ဟိုကိုင်းဒိုးခရိုင်၊ ဆာပိုရိုမြို့၊ မာရူယာမ တိရစ္ဆာန်ရုံသို့ မြန်မာနိုင်ငံမှ ဆင် (၄) စီး လှူဒါန်းခြင်းနှင့် အများပြည်သူထံသို့ မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်နှင့် မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၊ ဆာပိုရိုမြို့ မြို့တော်ဝန် Mr. Katsuhiro Akimoto ၊ ဒုတိယ မြို့တော်ဝန် Mr. Yoshioka Toru နှင့် မာရူယာမ တိရစ္ဆာန်ရုံမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

ဆာပိုရိုမြို့၊ မာရူယာမ တိရစ္ဆာန်ရုံသည် ဆာပိုရိုမြို့၏ အနောက်ဘက် မာရူယာမ ပန်းခြံအတွင်း တည်ရှိပြီး၊ ၁၉၅၁ ခုနှစ် မေလ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဟိုကိုင်းဒိုးခရိုင်တွင် ရှေးအကျဆုံး တိရစ္ဆာန်ရုံလည်း ဖြစ်ပါသည်။ မာရူယာမ တိရစ္ဆာန်ရုံတွင် တိရစ္ဆာန်မျိုးစုံ မျိုးစိတ်ပေါင်း ၁၆၈ မျိုး ပြသထားရှိသော်လည်း ဆင်မျိုးစိတ် ထားရှိနိုင်ခြင်း မရှိသည်မှာ နှစ်ပေါင်း (၁၂) နှစ် ကြာမြင့်ပြီဖြစ်ရာ မြန်မာနိုင်ငံမှ လှူဒါန်းသည့် ဆင် (၄) စီး အား အများပြည်သူထံသို့ မိတ်ဆက်ခြင်း အခမ်းအနားသို့ ကလေးသူငယ်များ အပါအဝင် ဆာပိုရို မြို့သူမြို့သားများနှင့် ဟိုကိုင်းဒိုးဒေသမှ ပြည်သူအများအပြား မျှော်လင့်စောင့်စား၍ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။