တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းဆိုင်ရာ ဒုတိယအကြိမ် ကြိုတင်ညှိနှိုင်းအစည်းအဝေး ကျင်းပ

(၁၉-၃-၂၀၁၉ ရက်၊ ကွမ်ကျိုးမြို့)

တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းဆိုင်ရာ ဒုတိယအကြိမ် ကြိုတင် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကာ တရုတ်ဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ် သမုဒ္ဒရာရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Wang Wenli ခေါင်းဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် (၂၄) နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်းလုပ်ငန်းများအား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပူးတွဲစစ်ဆေးခြင်း လုပ်ငန်းများ အတွက် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေး၊ ခေတ်မီနည်းပညာများ အသုံးပြု၍ နှစ်နိုင်ငံ နယ်နိမိတ်အား ပြန်လည်စစ်ဆေး တိုင်းတာသွားရေး၊ နယ်နိမိတ်မျဉ်းအား ပိုမိုရှင်းလင်းထင်ရှားစေရန်အတွက် လက်ရှိ နယ်နိမိတ် မှတ်တိုင်များအပြင် နယ်နိမိတ် မှတ်တိုင်များ ထပ်တိုး စိုက်ထူသွားရေးနှင့် အခြားနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် နှစ်ဖက် အမြင်ချင်း ဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

မြန်မာ-တရုတ် နယ်နိမိတ်တစ်လျှောက် ဖြစ်ပွားသည့်ကိစ္စရပ်များအား ပူးတွဲကွင်းဆင်း စစ်ဆေးခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအပေါ် အခြေခံ၍ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်သွားကြရန်လည်း သဘောတူညီခဲ့ပါသည်။

ထို့နောက် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးခြင်း ဆိုင်ရာ ဒုတိယအကြိမ် ကြိုတင်ညှိနှိုင်းအစည်းအဝေး မှတ်တမ်းကို ၁၉-၃-၂၀၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။