ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အစည်းအဝေး ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့၌ ကျင်းပ

(၈-၃-၂၀၁၉ ရက်၊ ချင်းရိုင်မြို့)

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များ ဦးဆောင်သည့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ – ထိုင်း ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးကို ၆-၃-၂၀၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့၌ ကျင်းပခဲ့ပါသည်။

ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ထိုင်းကိုယ်စားလှယ် အဖွဲ့ကို ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Mrs. Busaya Mathelin မှ ဦးဆောင်ပြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည်စိစစ်၍ လက်ခံရာတွင် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရန် ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍၊ မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးမှတ်တမ်းနှင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရေး လုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်တို့ကို အတည်ပြုခဲ့ပါသည်။

ထို့အပြင်၊ အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား (၅၆၅) ဦးအား တတိယအကြိမ်အဖြစ် ၂၀-၂-၂၀၁၉ ရက်မှ ၂၂-၂-၂၀၁၉ ရက်အတွင်း ပြန်လည်လက်ခံခဲ့သည့်ကိစ္စ၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA) မှ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် Sufficiency Economy Philosophy (SEP) ကို အခြေခံ၍ လူထုအခြေပြုစီမံကိန်းများနှင့် SEP Learning Center ထူထောင်ဆောင်ရွက်သွားမည့်ကိစ္စ၊ ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်း စသည်တို့ကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။