မြန်မာနိုင်ငံအကြောင်း ပိုမိုနားလည်သိရှိစေရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အရေးများ “Understanding Myanmar 2019: Challenges and Opportunities” ဖိုရမ် ပါရီမြို့၌ ကျင်းပ

(၇-၃-၂၀၁၉ ရက်၊ နေပြည်တော်)

မြန်မာနိုင်ငံအကြောင်း ပိုမိုနားလည်သိရှိစေရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အရေးများ “Understanding Myanmar 2019: Challenges and Opportunities” ဖိုရမ်ကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Centre of Jouffroy d’Abbans ၌ ၅-၃-၂၀၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုများ၊ UEHRD ၏ လုပ်ဆောင်ချက်များ၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုများအတွက် ပုဂ္ဂလိကနှင့် ပြည်သူ့ကဏ္ဍ နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံမှ အသိပညာရှင်များဖြစ်ကြသည့် ဒေါ်ယဉ်မျိုးစု၊ ဦးညီငြိမ်းအေးနှင့် ဦးအောင်ခန့်တို့မှလည်း ၎င်းတို့ အခန်းကဏ္ဍများအလိုက် လုပ်ငန်းအတွေ့အကြုံများ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့်အတူ များစွာသော စီးပွားရေးအခွင့်အလမ်းများအကြောင်းကို တစ်ဦးချင်းစီအလိုက် ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် အမေးအဖြေကဏ္ဍကို ဆက်လက် ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ကိုယ်စားလှယ်အဖွဲ့ဝင်များမှ ပြန်လည် ဖြေကြားခဲ့ပါသည်။

ထို့ပြင် ၂၂-၂-၂၀၁၉ ရက်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ Jasmine Ngapali Resort ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်းပါ အဓိကအချက်များကို ဗီဒီယိုဖိုင်ဖြင့် (၁၃)မိနစ်စာ ပြသခဲ့ပါသည်။

အဆိုပါဖိုရမ်သို့ ပြင်သစ်နိုင်ငံ အမျိုးသားလွှတ်တော်မှ လွှတ်တော်အမတ်များ၊ ပါရီမြို့ အခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကိုယ်စားလှယ်များ၊ ပြင်သစ်တက္ကသိုလ်မှ ပညာရှင်များနှင့် ကျောင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာနယ်ဇင်းသမားများ စုစုပေါင်း (၅၀) ကျော် တက်ရောက်ခဲ့ကြပါသည်။ ယင်းမတိုင်မီ ၄-၃-၂၀၁၉ ရက်၊ ညနေပိုင်းတွင် ဖိုရမ်သို့ တက်ရောက် ဟောပြောမည့်သူများကို ဂုဏ်ပြုသည့် ဧည့်ခံပွဲတစ်ရပ်ကို မြန်မာသံအမတ်ကြီးနေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။