အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက (၂၂) ကြိမ်မြောက် Triennale di Milano ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

(၁-၃-၂၀၁၉ ရက်၊ မီလန်မြို့)

အီတလီနိုင်ငံ၊ မီလန်မြို့တွင် ၁-၃-၂၀၁၉ ရက်မှ ၁-၉-၂၀၁၉ ရက်အထိ ပြုလုပ်လျက်ရှိသည့် (၂၂) ကြိမ်မြောက် Triennale di Milano ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၈-၂-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ အီတလီနိုင်ငံသမ္မတ ဆာဂျီအိုမက်တယ်ရယ်လာက ဖွင့်လှစ်ပေးခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာသံအမတ်ကြီး ဦးမြင့်နောင် တက်ရောက်ခဲ့ပါသည်။

ယင်းပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် အယ်ဂျီးရီးယား၊ သြစတြေးလျ၊ သြစတြီးယား၊ တရုတ်၊ ကျူးဘား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟေတီ၊ အီတလီ၊ လက်ဘနွန်၊ လစ်သူရေးနီးယား၊ ပိုလန်၊ နယ်သာလန်၊ ဗြိတိန်၊ ချက်သမ္မတနိုင်ငံ၊ ရုရှား၊ ဆလိုဗေးနီးယား၊ သီရိလင်္ကာ၊ အမေရိကန်နှင့် တူနီးရှား စုစုပေါင်း (၂၂) နိုင်ငံမှ ပြခန်းများ ခင်းကျင်းပြသထားပါသည်။

Triennale di Milano ပြပွဲကို Broken Nature: Design Takes on Human Survival ခေါင်းစဉ်ဖြင့် ပြုလုပ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့အကြား ဆက်နွယ်မှုတွင် ဒီဇိုင်း၏ အရေးပါမှုကို အလေးထား ပြသရန် ရည်ရွယ်ပါသည်။ Triennale di Milano ပြပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြခန်း ဖြစ်မြောက်ရေးအတွက် ရောမမြို့ရှိ Culture2All အဖွဲ့ ဥက္ကဋ္ဌ Prof. Eng. Mauro Salvemini၊ Italy-Myanmar Business Council၊ အီတလီ ဝါးအသင်း (Associazione Italiana Bambù) တို့နှင့်အတူ ရောမမြို့ရှိ မြန်မာသံရုံးတို့ အတူတကွ ဆောင်ရွက်ခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြခန်းတွင် ဝါးကြမ်းခင်း၊ ဝါးပင်၊ ခေါင်းလောင်းငယ်များနှင့် အတူ အနုပညာရှင် အောင်မြင့်၊ ငြိမ်းချမ်းစု (NCS)၊ စောမိုးဇော်နှင့် နန်းနန်းတို့၏ လက်ရာမွန် ပန်းချီကားများကို ပြသထားပါသည်။ ထို့ပြင် ဆောက်လုပ်ရေးနှင့် ပရိဘောဂမှသည် အလှတန်ဆာနှင့် တူရိယာအထိ အသုံးဝင်သော ဝါးပင်ကို မြန်မာ့ရိုးရာယုံကြည်မှုတစ်ခုဖြစ်သည့် လိုအပ်သမျှ ပေးစွမ်းနိုင်သော ပဒေသာပင်အဖြစ် လည်းကောင်း၊ ဝေမျှခြင်းကို ဖော်ညွှန်းသည့် အနေဖြင့် ခေါင်းလောင်းငယ်များကို လည်းကောင်း၊ သဘာဝအပင်မှ ရရှိသောရှမ်းစက္ကူကို လည်းကောင်း အသုံးပြုလျက် မြန်မာပြည်သူများနှင့် သဘာဝတရား ဆက်နွယ်မှုကို ပြသထား ကြောင်း သိရှိရပါသည်။