မြန်မာသံရုံး၊ ရောမမြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပ

(၂၈-၂-၂၀၁၉ ရက်၊ ရောမမြို့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးမြင့်နောင် ဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် (အင်္ဂါနေ့) တွင် ဒေသစံတော်ချိန် ၁၉၀၀ နာရီမှ ၂၁၀၀ နာရီထိ ရောမမြို့ရှိ Hotel Imperiale ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အီတလီနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ Global Affairs ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Luca Sabatucci က အထူး ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံးများအပါအဝင် ရောမမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ရောမမြို့ရှိ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အီတလီ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ အီတလီနိုင်ငံရှိ မြန်မာခရစ်ယာန်ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ အီတလီနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာမိသားစုများ စုစုပေါင်း ဧည့်သည်တော် (၁၅၀) ကျော် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို ၁၉၃၀ နာရီတွင် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာသံအမတ်ကြီးမှ မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထို့နောက် အထူးဧည့်သည်တော် Mr. Luca Sabatucci က မိန့်ခွန်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ တက်ရောက်လာသူများအား ဥရောပအစားအစာများ၊ မြန်မာသံရုံးမှ ပြင်ဆင် ချက်ပြုတ်ထားသော ထောပတ်ထမင်း၊ ကြက်သားအချိုချက်၊ ပုဇွန်ဟင်း၊ ဘာလချောင်ကြော်၊ ပြည်ကြီးငါး အော်စွန်းသုပ်၊ သီးစုံကျောက်ကျောနှင့် ထားဝယ် ငှက်ပျောပေါင်းတို့ဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။ ထို့ပြင် အခမ်းအနားတွင် မြန်မာ့ရိုးရာ လက်မှုအနုပညာပစ္စည်းများကို ခင်းကျင်း ပြသခဲ့ပြီး၊ မြန်မာ့ ယဉ်ကျေးမှု၊ အက၊ ဆိုင်းဝိုင်းနှင့် ခရီးသွားလာမှုမြှင့်တင်ရေး ဗွီဒီယိုများကို ပြသခဲ့ကာ ခရီးသွားမြှင့်တင်ရေး လက်ကမ်းစာစောင်များ၊ စာအုပ်များနှင့် CD ခွေများကိုလည်း ဖြန့်ဝေခဲ့ပါသည်။ ထို့ပြင် ၁-၃-၂၀၁၉ မှ ၁-၉-၂၀၁၉ ရက်အထိ မီလန်မြို့တွင် ပြုလုပ်မည့် XXII Triennale Milano 2019 ပြပွဲ၌ ဝင်ရောက်ပြသမည့် မြန်မာနိုင်ငံပြခန်း လက်ကမ်းစာစောင်များ ကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။