မြန်မာသံရုံး၊ ဗီယင်နာမြို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပ

(၂၇-၂-၂၀၁၉ ရက်၊ ဗီယင်နာမြို့)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ဗီယင်နာမြို့၊ မြန်မာသံရုံး/ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ ဖြစ်သည့် သံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ် ဦးစံလွင် ဦးဆောင်ကာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဗီယင်နာမြို့ရှိ Intercontinental Hotel တွင် ဒေသစံတော်ချိန် ၁၈၀ဝ နာရီမှ ၂၀ဝ၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဧည့်ခံပွဲ အခမ်းအနားသို့ သြစတြီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြား ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသူများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ အာဆီယံနိုင်ငံ သံရုံးများမှ သံအမတ်ကြီးများ အပါအဝင် ဗီယင်နာမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် သြစတြီးယားနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ မိသားစုဝင်များ စုစုပေါင်း ဧည့်သည်တော် ၁၇၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ယင်းဧည့်ခံပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် သြစတြီးယားနိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး သံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ် ဦးစံလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာ့ရိုးရာ ရုပ်သေးအကပညာရှင်မှ အခမ်းအနား တက်ရောက်လာသည့် ဧည့်သည်တော်များကို ရုပ်သေးအကပဒေသာဖြင့် ကပြဖျော်ဖြေခဲ့ပြီး မြန်မာနိုင်ငံ၏ ခရီးသွားပုံရိပ်ကို တိုးမြင့်စေရန် ရည်ရွယ်ကာ မြန်မာ့ခရီးသွားပုံရိပ် ဗီဒီယိုများကိုလည်း ထုတ်လွှင့်ပြသခဲ့ပါသည်။ ထို့အပြင် အခမ်းအနား တက်ရောက်သူများအား မြန်မာနိုင်ငံ၏ ခရီးသွားလာရေးနှင့် ပတ်သက်သော လက်ကမ်းစာစောင်များ၊ စာအုပ်များ၊ ဗီဒီယိုများကို ဖြန့်ဝေခဲ့ပါသည်။

ယင်း ဧည့်ခံပွဲအခမ်းအနားတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အလှပုံရိပ်များကို ခံစားနိုင်စေရန် မြန်မာ့ရိုးရာ ရုပ်သေးအရုပ်များ၊ ရွှေချည်ထိုး ပန်းချီကားချပ်များကိုလည်း ပြသခဲ့ပါသည်။ အခမ်းအနား တက်ရောက်လာသူများကို သြစတြီးယားနိုင်ငံ ဒေသန္တရ အစားအစာများအပြင် မြန်မာ့အစားအစာများ ဖြစ်သည့် အုန်းထမင်း၊ ကြက်သားဟင်း၊ ပုစွန်ဟင်း၊ ငပိကြော်၊ ငါးဖယ်အစာသွပ်၊ ငှက်ပျောဆနွင်းမကင်း၊ ကြက်ဥပူတင်း၊ သာကူအုန်းသီး ဌာပနာမုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။