ထိုင်းနိုင်ငံရောက် မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ ပြန်လည်လက်ခံဆောင်ရွက်

(၂၂-၂-၂၀၁၉ ရက်၊ နေပြည်တော်)

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ ပူးပေါင်း၍ ပြန်လည် လက်ခံရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၂ ရက်အထိ (၃) ရက်အတွင်း နိုင်ငံသား စိစစ်ပြီးသူ ၅၆၇ ဦးအား ပြန်လည်စိစစ် လက်ခံနိုင်ခဲ့ပါသည်။

ထိုသို့ ပြန်လည်လက်ခံရာ၌ ပထမနေ့ (၂၀-၂-၂၀၁၉ ရက်) တွင် မယ်လဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၁၃၃ ဦး အား မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် လွှဲပြောင်း လက်ခံရေးအခမ်းအနား ကျင်းပပြုလုပ်၍ ကြိုဆိုခဲ့ပါသည်။

ထို့နောက် ဒုတိယနေ့ လွှဲပြောင်းခြင်း အစီအစဉ်အရ အုန်းပြန်ဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား ၂၀၁ ဦးအား မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် ၂၁-၂-၂၀၁၉ ရက်၊ ၁၅၁၅ နာရီအချိန်၌ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံမှူးကြီး ဦးအောင်ကျော်သူရနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ ခရိုင်မှူး ဦးအောင်ခိုင်ဆွေ ဦးဆောင်သောအဖွဲ့မှ လွှဲပြောင်းလက်ခံခဲ့ ပါသည်။ တစ်ချိန်တည်းမှာပင် မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ ၅၉ ဦးအား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးသိန်းတင်မှ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများနှင့်အတူ ခေါ်ဆောင်လာခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြန်လည်လက်ခံ ကြိုဆိုရေးအဖွဲ့မှ မြန်မာဘက်ခြမ်းရှိ BP 13 ဂိတ်တွင် ၁၂၀၀ နာရီချိန်တွင် လက်ခံခဲ့ပါသည်။ သို့ဖြစ်ပါ၍ ၂၁-၂-၂၀၁၉ ရက်တွင် နေရပ်ပြန်လိုသူ စုစုပေါင်း ၂၆၀ ဦးအား လွှဲပြောင်းလက်ခံခဲ့ပါသည်။

တတိယနေ့ လွှဲပြောင်းခဲ့မှုအရ ဘန်ဒုံရန် ဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ ၄၅ ဦးနှင့် နို့ပိုး ဒုက္ခသည်စခန်းမှ ၁၂၉ ဦး၊ စုစုပေါင်း ၁၇၄ ဦးအား မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် ၂၂-၂-၂၀၁၉ ရက်၊ ၁၆၂၅ နာရီ၌ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံမှူးကြီး ဦးအောင်ကျော်သူရနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ခရိုင်မှူး ဦးအောင်ခိုင်ဆွေ ဦးဆောင်သောအဖွဲ့မှ လွှဲပြောင်း လက်ခံခဲ့ပါသည်။

အဆိုပါ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား စုစုပေါင်း ၅၆၇ ဦးအား ကြိုဆိုလွှဲပြောင်း လက်ခံခဲ့ပြီးနောက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြန်လည်စိစစ်လက်ခံရေး ကော်မတီများမှ ၎င်းတို့ အခြေချနေထိုင်မည့် နေရပ်ဒေသ အရောက် ပို့ဆောင်ခြင်း၊ အိမ်ထောင်စုအလိုက် လတ်တလော ထောက်ပံ့ပစ္စည်းနှင့် ငွေကြေးများ ပေးအပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယာယီအထောက်အထားများ ထုတ်ပေးခြင်းမှသည် အိမ်ထောင်စုဇယား (ပုံစံ-၁၀) နှင့် နိုင်ငံသား ခိုင်မာမှု အဆင့်အလိုက် မှတ်ပုံတင်များ ထုတ်ပေးခြင်း၊ နေရာချထားခြင်း၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကူညီပံ့ပိုးပေးခြင်းတို့ကို သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ဆက်လက်ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။