ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ တတိယအကြိမ် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဒုတိယနေ့အဖြစ် မြန်မာနိုင်ငံသား ၅၉ ဦးအား ကယားပြည်နယ်၊ မယ်စဲ့နယ်စပ်ဂိတ်မှ ပြန်လည် လွှဲပြောင်းပေးအပ်

(၂၂-၂-၂၀၁၉၊ မယ်ဟောင်ဆောင်)

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ တတိယအကြိမ် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဒုတိယနေ့အဖြစ် ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ပြည်နယ်၊ ဘမ်မိုင်နိုင်စွိုင် (Ban Mai Nai Soi) စခန်းမှ မိမိဆန္ဒအလျောက် နေရပ်ပြန် မြန်မာနိုင်ငံသား (၅၉) ဦးတို့သည် ၂၁-၂-၂၀၁၉ ရက်၊ မြန်မာစံတော်ချိန် မွန်းတည့် ၁၂၀၀ နာရီအချိန်တွင် ကယားပြည်နယ်၊ မယ်စဲ့ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသိန်းတင်သည် ထိုင်းနိုင်ငံ ဒေသအာဏာပိုင်များ၊ UNHCR နှင့် IOM တို့မှ တာဝန်ရှိသူများနှင့်အတူ လိုက်ပါပို့ဆောင်ခဲ့ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ကယားပြည်နယ် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ကယားပြည်နယ် စည်ပင်နှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးတို့ ဦးဆောင်သည့် ပြန်လည်လက်ခံကြိုဆိုရေး အဖွဲ့မှ ပြန်လည်လက်ခံ ကြိုဆိုခဲ့ကြပါသည်။ မြန်မာဘက်အခြမ်းရှိ BP-13 မယ်စဲ့ဂိတ်တွင် အဆိုပါ နေရပ်ပြန် မြန်မာနိုင်ငံသား (၅၉) ဦး၏ C of I စာရွက်စာတမ်းများနှင့် ကလေးငယ် (၆) ဦး၏ မွေးစာရင်း ထောက်ခံစာများအား ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးမှူး စိုင်းဘမင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ “ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသည့် တိုင်းရင်းသား ပြည်သူများအား ပြန်လည်ကြိုဆို လက်ခံခြင်း၊ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား” ကို ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ နတလ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နော်ဝေဒုက္ခသည်ကောင်စီ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တို့မှ နေရပ်ပြန် ပြည်သူများ အတွက် ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ကယားပြည်နယ်၊ မယ်စဲ့ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်သည့် နေရပ်ပြန် မြန်မာနိုင်ငံသားများသည် လွိုင်ကော်မြို့နယ်မှ ကျား (၇) ဦး၊ မ (၁၀) ဦး၊ ဒီးမော့ဆိုမြို့နယ်မှ ကျား (၁၅) ဦး၊ မ (၉) ဦး၊ ဖရူဆိုမြို့နယ်မှ ကျား (၄) ဦး၊ မ (၃) ဦး၊ ရှားတော်မြို့နယ်မှ ကျား (၃) ဦး၊ မ (၃) ဦး၊ ဖားဆောင်း မြို့နယ်မှ ကျား (၄) ဦး၊ မ (၃) ဦး၊ စာရင်းချုပ် ကျား (၃၁) ဦး၊ မ (၂၈) ဦး စုစုပေါင်း (၅၉) ဦး ဖြစ်ပါသည်။

အဆိုပါ နေရပ်ပြန် မြန်မာနိုင်ငံသားများအား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုစာရင်းစစ်ဆေးခြင်း၊ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးခြင်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးမှ ကျောင်းနေအရွယ်များအား စိစစ်ပေးခြင်း၊ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာ ဒေသအရောက် ပို့ဆောင်နိုင်ရေးနှင့် ဆက်လက်ပြီး လိုအပ်သည်များအား ပံ့ပိုးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။