မြန်မာသံရုံး၊ ဘရာဇီးလျားမြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပ

(၂၂-၂-၂၀၁၉ ရက်၊ ဘရာဇီးလျားမြို့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို သံအမတ်ကြီး ဦးမျိုးတင့် ဦးစီး၍ ဘရာဇီးလ်နိုင်ငံ၊ ဘရာဇီးလျားမြို့၊ ကြည်းတပ်ကလပ်၊ Green Hall ၌ ၁၄-၂-၂၀၁၉ ရက်တွင် ည ဝ၇၀ဝ မှ ဝ၉၃၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧည့်ခံပွဲသို့ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Secretary for Bilateral Negotiation in Asia, Oceania and Russia၊ Ambassador Reinaldo Jose de Almeida Salgado (ဒုတိယဝန်ကြီးအဆင့်) မှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ဘရာဇီးလျားဖက်ဒရယ် နယ်မြေအစိုးရ၊ ဒုတိယအုပ်ချုပ်ရေးမှူး (Vice-Governor) Mr. Paco Britto နှင့်ဇနီး၊ ဘရာဇီးလ် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အစိုးရဌာနအရာရှိကြီးများ၊ အာဆီယံနိုင်ငံသံရုံးများအပါအဝင် ပါရီမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဘရာဇီးလျားမြို့ရှိ အခြားအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ စုစုပေါင်း (၂၀ဝ) ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။ ထို့အပြင် ဆောင်ပိုလိုမြို့ရှိ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Ricardo Cateb Cury နှင့် ဇနီးတို့လည်း တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်ခဲ့ပြီးနောက် သံအမတ်ကြီး ဦးမျိုးတင့်မှ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အထူးဧည့်သည်တော် Ambassador Reinaldo Jose de Almeida Salgado မှ နှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ကြွရောက်လာသည့် ဧည့်ပရိသတ်များအား မြန်မာ့ရိုးရာအစားအစာ၊ ဘရာဇီးလ် အစားအစာ၊ အဖျော်ယမကာများဖြင့် တည်ခင်းဧည့်ခံခြင်း၊ မြန်မာနိုင်ငံ၏ ရှုခင်းအလှအပများ ဖော်ကျူးထားသည့် မြန်မာ့ခရီးသွားလုပ်ငန်း ဆိုင်ရာ ဗီဒီယိုများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှဆိုင်ရာ ဗီဒီယိုများ၊ မြန်မာ့ရိုးရာ အားကစား (ခြင်းလုံး၊ လက်ဝှေ့) ဆိုင်ရာ ဗီဒီယိုများ စသည်တို့ကို LED Screen ဖြင့် ပြသခြင်း၊ မြန်မာ့ယဉ်ကျေးမှုအလှများနှင့် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်သည့်နေရာများကို ပိုစတာများဖြင့် ပြသခြင်း၊ မြန်မာ့ရိုးရာ လက်မှုပညာပစ္စည်းများကို ခင်းကျင်းပြသခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

မြန်မာသံရုံး၊ ဘရာဇီးလျားမြို့၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ ဘရာဇီးလျားမြို့ အခြေစိုက် စာနယ်ဇင်း/ မီဒီယာအချို့ကို ဖိတ်ကြားခဲ့ရာ သတင်းမီဒီယာအဖွဲ့ (၂) ဖွဲ့မှ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပခဲ့မှုကို မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့်တကွ ဓာတ်ပုံများဖြင့် ဖော်ပြကာ သတင်းရေးသားဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။