မြန်မာသံရုံး၊ ပါရီမြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပ

(၂၁-၂-၂၀၁၉ ရက်၊ ပါရီမြို့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်ဇေယျ ဦးစီး၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်၊ ဒေသစံတော်ချိန် ၁၈၃၀ နာရီမှ ၂၀၀၀ နာရီအထိ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာသံအမတ်ကြီး၏ နေအိမ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

အဆိုပါဧည့်ခံပွဲသို့ ပြင်သစ်နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီးဌာနမှ အာဆီယံဆိုင်ရာ အထူး ကိုယ်စားလှယ် သံအမတ်ကြီး M. Jean-Baptiste Main de Boissière ဦးဆောင်သည့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပါရီမြို့အခြေစိုက် အာဆီယံဆိုင်ရာ သံအမတ်ကြီးများ၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံတို့မှ သံအမတ်ကြီးများ၊ World Heritage Committee အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ OECD ဆိုင်ရာ သံအမတ်ကြီးများ၊ French Development Agency (AFD) မှ ကိုယ်စားလှယ်များ၊ လုပ်ငန်းဆက်စပ်ရင်းနှီးမှုရှိသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြင်သစ်နိုင်ငံ၌ ပညာတော်သင် ရောက်ရှိနေကြသူများ၊ ဖိတ်ကြားထားသူများ အပါအဝင် ဧည့်သည်တော် စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်ခြင်း၊ မြန်မာသံအမတ်ကြီးက လွတ်လပ်ရေးနေ့ မိန့်ခွန်းပြောကြားခြင်း၊ အခမ်းအနားသို့ ကြွရောက်လာသည့် ဧည့်သည်တော်များကို မြန်မာ့စားဖွယ်ရာများနှင့် အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခြင်း၊ မြန်မာ့ရိုးရာတီးလုံးကို နောက်ခံအဖြစ် ဖွင့်လှစ်ထားရှိကာ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ငွေထည်၊ ယွန်းထည်များ၊ ရွှေချည်ထိုးများ၊ မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။