ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့၌ “မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေသစ်များနှင့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပ

(၂၀-၂-၂၀၁၉ ရက်၊ ဖရန့်ဖတ်မြို့)

ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့၌ ၁၈-၂-၂၀၁၉ ရက်တွင် “မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေသစ် များ နှင့် အခွင့်အလမ်းများ “The New Investment Climate and Opportunities in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသည့် ဂျာမန် စီးပွားရေးလုပ်ငန်းရှင်ကြီးများ (၃၀) ဦး တက်ရောက် ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဖြစ်ပေါ် ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယန္တရားအသစ်၊ မြန်မာနိုင်ငံတွင် ဂျာမန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများဟူ၍ အပိုင်း (၄) ပိုင်း ခွဲ၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းများ ဖြစ်ပေါ်လာခြင်းနှင့် ရရှိနိုင်သည့် အခွင့်အလမ်းများကို ဂျာမန်စီးပွားရေး လုပ်ငန်းရှင်များအကြား သိရှိစေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ ကျင်းပနိုင်ရန် မြန်မာသံရုံး၊ ဘာလင်မြို့က ဦးဆောင်ဦးရွက်ပြု ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (German Development Bank- KfW) နှင့် ဟမ်းဘတ်မြို့အခြေစိုက် အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဂျာမန်ကုန်သည်ကြီးများ အသင်း (German Asia-Pacific Business Association) တို့က ပူးတွဲ ကမကထပြု ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ၁၅-၂-၂၀၁၉ ရက်နေ့မှ ၁၇-၂-၂၀၁၉ ရက်နေ့အထိ ကျင်းပခဲ့သော မြူးနစ်လုံခြုံရေးကွန်ဖရင့်သို့ တက်ရောက်ခဲ့ပြီး ဂျာမနီနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ဖရန့်ဖတ်မြို့တွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။