မြန်မာသံရုံး၊ ပရီတိုရီးယားမြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ကျင်းပ

(၂၀-၂-၂၀၁၉ ရက်၊ ပရီတိုးရီးယားမြို့)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို သံအမတ်ကြီး ဦးမြင့်ဆွေ ဦးစီး၍ ၁၄-၂-၂၀၁၉ ရက်တွင် တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့၊ Pretoria Country Club ၌ ဒေသစံတော်ချိန် ၁၁၀၀ ချိန်မှ ၁၄၀၀ ချိန်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဧည့်ခံပွဲအခမ်းအနားသို့ တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန Chief Director for Central, South and South East Aisa ဖြစ်သူ Ms. Sindiswa Mququ က ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်ချီးမြှင့်ခဲ့ပြီး အာဆီယံနိုင်ငံသံရုံးများအပါအဝင် ပရီတိုးရီးယားမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ စစ်သံမှူးများနှင့် ဇနီးများ၊ တောင်အာဖရိကနိုင်ငံတွင် နေထိုင်နေကြသည့် မြန်မာမိသားစုများ နှင့် ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာအစားအစာများ၊ အချိုပွဲများ၊ ကော်ဖီ၊ အအေး၊ အဖျော်ယမကာများဖြင့် နေ့လည်စာ တည်ခင်းဧည့်ခံခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ခရီးသွားလာမှု မြှင့်တင်ရေး အတွက် မြန်မာ့ယဉ်ကျေးမှု အဆိုအက၊ မြန်မာနိုင်ငံ၏ သဘာဝတောတောင် အလှအပများ၊ သမိုင်းဝင် စေတီပုထိုးများ၊ ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်နိုင်သည့် မြန်မာနိုင်ငံရှိ နေရာဒေသများအား Video Presentation (၁၅) ခုဖြင့် ဧည့်ခန်းမ တစ်ဖက်တစ်ချက်စီတွင် ပရိုဂျက်တာများဖြင့် ပြသခြင်း၊ မြန်မာ့တူရိယာများ ဖြစ်ကြသည့် စောင်း၊ ပတ်တလား၊ နှဲ၊ မြန်မာ့ဆိုင်းဝိုင်း တီးလုံးများအား ဖွင့်လှစ်တင်ဆက် ဖျော်ဖြေခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။