သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ကင်ဘာရာမြို့အခြေစိုက် အာဆီယံ သံအမတ်ကြီးများနှင့်အတူ သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံ အတွင်းရေးမှူးချုပ်အား တွေ့ဆုံ

(၁၅-၂-၂၀၁၉ ရက်၊ ကင်ဘာရာမြို့)

သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့်သည် ကင်ဘာရာမြို့အခြေစိုက် အာဆီယံ သံအမတ်ကြီးများနှင့်အတူ သြစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံ အတွင်းရေးမှူးချုပ် H.E. Lim Jock Hoi အား ၁၁-၂-၂၀၁၉ ရက်၊ ၁၆၁၅ နာရီတွင် Hyatt Hotel ၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် အာဆီယံ သံအမတ်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့သည် အာဆီယံ-ကင်ဘာရာ ကော်မတီနှင့် စပ်လျဉ်းသည့် ဆောင်ရွက်မှုများ၊ အာဆီယံ-သြစတြေးလျ ဆွေးနွေးဖက်ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ အာဆီယံ ဒေသတွင်း ပေါင်းစပ်ဆက်သွယ်ရေး ကိစ္စရပ်များ၊ အာဆီယံ အသိုက်အဝန်းသုံးခုနှင့် ကဏ္ဍ အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုကိစ္စရပ်များ၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းအောက်မှ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဗဟိုဌာန (AHA Center) မှ ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နေမှုများ၊ အာဆီယံ ဒေသအတွင်း ဖြစ်ပေါ်တိုးတက်မှုများအား အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

သံအမတ်ကြီး ဦးသာအောင်ညွန့်က ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-သြစတြေးလျ ဆွေးနွေးဖက် ဆက်ဆံရေးတွင် ညှိနှိုင်းရေးမှူးအဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၃)နှစ်တာ ဆောင်ရွက်ခဲ့ကာ အဆိုပါ ကာလအတွင်း ၂၀၁၈ ခုနှစ်၊ မတ်လ၌ အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးကို ကျင်းပနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စတွင် မြန်မာနိုင်ငံ အား အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဗဟိုဌာန (ASEAN Coordinating Center of Humanitarian Assistance- AHA Center) မှတဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခဲ့သည်ကို ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

အာဆီယံ-ကင်ဘာရာ ကော်မတီတွင် မြန်မာသံရုံး၊ ကင်ဘာရာမြို့အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။