ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက Regional Symposium on “Prevention of thefts, Illegal Excavations, Illicit Import-Export of Cultural Property” သို့ တက်ရောက်

(၁၄-၂-၂၀၁၉ ရက်၊ ဖနောင်ပင်မြို့)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုးသည် ၁၄-၂-၂၀၁၉ ရက်တွင် Sokha Phnom Penh Hotel & Residence ၌ ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Regional Symposium on “Prevention of thefts, Illegal Excavations, Illicit Import-Export of Cultural Property” သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ လည်း တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန၊ ဝန်ကြီး Her Excellency Phoeurng Sackona၊ ဖနောင်ပင်အခြေစိုက် တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များ၊ မဲခေါင်အဖွဲ့ဝင်များ ဖြစ်သည့် လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ဖနောင်ပင်မြို့ရှိ UNESCO ရုံးမှ ကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ APSARA အာဏာပိုင် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဒေသတွင်း စာတမ်းဖတ်ပွဲကို ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ နိုင်ငံအသီးသီးရှိ ယဉ်ကျေးမှု အနုပညာပစ္စည်းများကို ခိုးယူခြင်း၊ လျှို့ဝှက်စွာ တူးဖော်ခြင်း၊ တရားမဝင် ပို့ကုန်-သွင်းကုန် လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ရောင်းချခြင်းတို့ကို ပူးပေါင်း ကာကွယ်တားဆီးရန် ဖြစ်ကြောင်း သိရှိရပါသည်။