မြန်မာအဖွဲ့ရုံး၊ ဂျီနီဗာမြို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပ

(၁-၂-၂၀၁၉ ရက်၊ နေပြည်တော်)

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးစီး၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်၊ ဒေသစံတော်ချိန် ၁၈၃၀ နာရီမှ ၂၀၀၀ နာရီအထိ ဂျီနီဗာမြို့၊ WIPO အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဧည့်ခံပွဲသို့ ဂျီနီဗာမြို့တွင် ရုံးစိုက်သော ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးများ၊ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အဖွဲ့ရုံးများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ အဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များနှင့် သံတမန်များ၊ ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံသားဟောင်းများနှင့် ပညာတော်သင်ကျောင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်း ဖွင့်လှစ်ပြီးနောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ကြွရောက်လာကြသည့် ဧည့်သည်တော်များအား အနောက်တိုင်း အစားအစာများနှင့်အတူ မြန်မာအစားအစာများ ဖြစ်သည့် မြန်မာထမင်းနှင့် ဟင်း၊ မုန့်ဟင်းခါး၊ တို့ဟူးသုပ်၊ လက်ဖက်သုပ်၊ သရက်သီးကျောက်ကျော၊ သာကူတို့ဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာ့ရိုးရာတီးလုံးအား နောက်ခံအဖြစ် ဖွင့်လှစ်ထားရှိကာ ကမ္ဘာလှည့် ခရီးသွားများ အတွက် စိတ်ဝင်စားဖွယ် နေရာများနှင့် မြန်မာ့ယဉ်ကျေးမှုအလှများကို ပိုစတာများဖြင့် လည်းကောင်း၊ တီဗီဖန်သားပြင်ဖြင့် လည်းကောင်း ပြသခဲ့ပြီး မြန်မာ့ရိုးရာ လက်မှုပညာပစ္စည်းများလည်း ခင်းကျင်းပြသခဲ့ ပါသည်။ ထို့ပြင် တက်ရောက်လာသည့် ဧည့်သည်တော်များအား မြန်မာကော်ဖီမှုန့်ထုပ်များနှင့် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားဖွယ်နေရာများ ပါဝင်သည့် pamphlet များ လက်ဆောင်အဖြစ် ပေးခဲ့ကြောင်း သိရှိရပါသည်။