မြန်မာသံရုံး၊ ဘာလင်မြို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ ကျင်းပ

(၃၀-၁-၂၀၁၉ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲကို ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့် ဦးစီး၍ မြန်မာသံရုံး၊ ဘာလင်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် ညနေ ၁၈၃၀ နာရီမှ ၂၀၃၀ နာရီအထိ Maritim proArte Hotel ၌ ကျင်းပခဲ့ပါသည်။ 

အဆိုပါ ဧည့်ခံပွဲသို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် H.E. Ambassador Ina Lepel က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ဘာလင်မြို့အခြေစိုက် သံရုံးများမှ သံတမန်များ၊ ဂျာမန်ဖယ်ဒရယ် ဝန်ကြီးဌာနများမှ အကြီးတန်းအရာရှိများ၊ ဂျာမန် အောက်လွှတ်တော်အမတ်များ၊ ဂျာမန် ဖောင်ဒေးရှင်းများနှင့် စီးပွားရေးအဖွဲ့အစည်း များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာစစ်သံမှူးနှင့် ဇနီး၊ ပညာတော်သင်များ၊ ဂျာမန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၀၀) ခန့် တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပထမဦးစွာ နှစ်နိုင်ငံအလံများကို အလေးပြုပြီး သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်က မိန့်ခွန်း ပြောကြားခဲ့ပါသည်။ 

ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာသူများအား အောင်ပါစေ တေးသရုပ်ဖော်အက၊ အတာသင်္ကြန် သရုပ်ဖော်အကတို့ တင်ဆက်ခဲ့ပြီး၊ အနောက်တိုင်း အစားအစာများအပြင် အုန်းနို့ခေါက်ဆွဲ၊ ပင်လယ်စာညှပ်ခေါက်ဆွဲကြော်၊ ပလာတာနှင့် ကြက်သားဟင်း၊ ကြည်း၊ ရေ၊ လေ စစ်သံရုံးမှ ဆနွင်းမကင်းနှင့် ကျောက်ကျောတို့ဖြင့် ဧည့်ခံခဲ့ပါသည်။ ထို့အပြင် Scenes of Myanmar ဓာတ်ပုံပြပွဲကို ခင်းကျင်းပြသခြင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗီဒီယိုများ ပြသခြင်းတို့ ပြုလုပ်ခဲ့ကာ ဂျာမန်ကုမ္ပဏီ Pottschwarz က မြန်မာနိုင်ငံမှ တင်သွင်းရောင်းချသော ဟိုပုန်းကော်ဖီကို ဧည့်ပရိတ်သတ်များအား မိတ်ဆက်ဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။