အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၂၈-၁-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jaroslav Dolecek အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်၊ ၁၆၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါ သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၂) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေး ကာလအတွင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးနှင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mr. Tomáš Petříček  တို့အကြား တွေ့ဆုံခဲ့စဉ် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးခဲ့သည့် ကိစ္စ၊ မြန်မာနိုင်ငံနှင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား Foreign Office Consultations ပြုလုပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ၊ ၂၀၁၉ ခုနှစ်၊ မေလအတွင်း ချက်သမ္မတနိုင်ငံမှ စီးပွားရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ရေးကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။