မြန်မာသံရုံး၊ တိုကျိုမြို့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ ကျင်းပ

(၂၅-၁-၂၀၁၉ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲကို မြန်မာသံရုံး၊ တိုကျိုမြို့တွင် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်၊ ၁၈၃၀ နာရီမှ ၂၀၃၀ နာရီထိ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဂျပန်နိုင်ငံ ပြန်လည်ထူထောင်ရေးဝန်ကြီး မစ္စတာ ဟီရိုမိချီ ဝါတာနာဘေး၊ ဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီး မစ္စတာ ရာဆုတိုရှိ နီရှိမူရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စစ် တိုရှိကို အာဘဲ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပါလီမန်ရေးရာ ဒုတိယဝန်ကြီး မစ္စတာ နိုရီကဇူ ဆူဇူကီ၊ ဂျပန်-မြန်မာ ပါလီမန်အမတ်များ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ အိချိရို အအိဇဝ၊ ဂျပန်နိုင်ငံ အစိုးရဝန်ကြီးဌာနများမှ အကြီးအကဲများ၊ ပါလီမန် လွှတ်တော်အမတ်များ၊ သံတမန်များ၊ စီးပွားရေးကုမ္ပဏီများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ဖိတ်ကြားထားသူများအပါအဝင် ဧည့်သည်တော် ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

(၇၁) နှစ်မြောက် လွှတ်လပ်ရေးနေ့ ဧည့်ခံပွဲအခမ်းအနားတွင် ပထမဦးစွာ မြန်မာ-ဂျပန် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများအား သီဆို၍ နှစ်နိုင်ငံအလံများအား အလေးပြုခဲ့ကြပါသည်။ ထို့နောက်တွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်က မိန့်ခွန်းပြောကြားခဲ့ရာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းအကျဉ်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်မှု၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ မြန်မာ-ဂျပန် ဆက်ဆံရေးနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့အပြင် သံအမတ်ကြီးမှ မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည်တည်တန့် ခိုင်မြဲမှု ပိုမိုမြင့်မားလာစေရန်အတွက် လည်းကောင်း၊ မကြာမီ ထီးနန်းလွှဲပြောင်းရန်ရှိသည့် ဂျပန်နိုင်ငံ၏ ဘုရင်ကြီးနှင့် မိဘုရားကြီး၊ တော်ဝင်မိသားစု၊ ဂျပန်အစိုးရအဖွဲ့နှင့် ဂျပန်ပြည်သူများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေကြောင်း လည်းကောင်း ဆုမွန်ကောင်း တောင်းခဲ့ပါသည်။

ထို့နောက်တွင် ဂျပန်နိုင်ငံ ပြန်လည်ထူထောင်ရေးဝန်ကြီး မစ္စတာ ဟီရိုမိချီ ဝါတာနာဘေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စစ် တိုရှိကို အာဘဲ၊ ဂျပန်-မြန်မာ ပါလီမန်အမတ်များ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ အိချိရို အအိဇဝ၊ ဂျပန်-မြန်မာအသင်း ဥက္ကဌ မစ္စတာ ဟီဒဲအို ဝါတာနာဘေးတို့မှ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ပြုဝမ်းမြောက်ကြောင်းနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ဆက်ဆံရေး တိုးမြှင့်ရေးဆိုင်ရာ ဂုဏ်ပြုမိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာ့ရိုးရာ အစားအစာများ၊ ဟင်းလျာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြန်မာ့တိုင်းရင်းသား စည်းလုံးညီညွှတ်မှုကို ဖော်ဆောင်သည့် အက၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအက၊ မြန်မာ့စောင်းလက်သံတို့ဖြင့် ဖျော်ဖြေကပြခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှု၊ ရိုးရာယဉ်ကျေးမှု၊ လက်မှုအနုပညာများ၊ မြန်မာလူမျိုးတို့၏ စိတ်နေစိတ်ထားများ၊ ခရီးသွား လုပ်ငန်း မြှင့်တင်နိုင်ရန် သွားရောက်လည်ပတ်ဖွယ် နေရာများအား Video Clip ဖြင့် ဖျော်ဖြေ တင်ဆက် ပြသခဲ့ကြောင်း သိရှိရပါသည်။