မြန်မာသံရုံး၊ ဘာလင်မြို့မှ မြန်မာနိုင်ငံက ဆေးဘက်ဝင် ဟင်းသီးဟင်းရွက်များ ဂျာမနီနိုင်ငံသို့ တင်ပို့နိုင်ရေး ရှင်းလင်းပြသမှု ပြုလုပ်

(၂၃-၁-၂၀၁၉ ရက်၊ နေပြည်တော်)

ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် Honourable Mr. Kutlitz နှင့် International Economic Council (IWR) မှ CEO ဖြစ်သူ Mr. Tino Barth တို့အား ၂၂-၁-၂၀၁၉ ရက်တွင် သံအမတ်ကြီး နေအိမ်သို့ ဖိတ်ကြား၍ နေ့လယ်စာဖြင့် တည်ခင်းကာ မြန်မာနိုင်ငံမှ ဆေးဘက်ဝင် ဟင်းသီးဟင်းရွက်များ ဖြစ်သော ဒန့်ဒလွန်အသီးနှင့် အရွက် (moringa) နှင့် မြင်းခွာရွက် (pennywort) တို့အား အခြောက်ခံ၍ ဂျာမနီနိုင်ငံသို့ တင်ပို့နိုင်ရေး ရည်ရွယ်၍ ဒန့်ဒလွန်ရွက်၊ ဒန့်ဒလွန်သီး၊ မြင်းခွာရွက်တို့ကို မြန်မာနိုင်ငံတွင် စားသောက်ပုံနှင့် ရိုးရာဓလေ့ထုံးတမ်းအရ ရရှိနိုင်သော အကျိုးအာနိသင်များကို ရှင်းလင်းပြသခဲ့ပါသည်။

ဂျာမနီနိုင်ငံတွင် နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး တိုးမြှင့်ရန် အဓိက ရည်ရွယ်ချက် ထားရှိသော လွတ်လပ်သော ဒီမိုကရက်တစ်ပါတီ (Free Democratic Party – FDP) ၏ အောက်လွှတ်တော် အမတ် Honourable Mr. Alexander Kulitz ၏ စိတ်ဝင်စားမှုအရ သံအမတ်ကြီးက ထိုကဲ့သို့ ဖိတ်ကြား၍ ရှင်းလင်းခဲ့ခြင်း ဖြစ်ပါသည်။

ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပဒေသတို့တွင် ဒန့်ဒလွန်ရွက်ခြောက် (moringa) ကို ဆေးစွမ်းအာနိသင် ရှိသော စားသောက်ဖွယ်အဖြစ် ဈေးနှုန်းမြင့်မားစွာ ရောင်းချ သုံးစွဲလျက်ရှိပါသည်။ သို့ဖြစ်ရာ မြန်မာသံရုံး၊ ဘာလင်မြို့အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဒန့်ဒလွန်ရွက်၊ မြင်းခွာရွက်တို့အား အခြောက်ပြုလုပ်ရာ၌ မှိုမတက်ရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရေးအတွက် ဂျာမန်ဘက်မှ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် ဈေးကွက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။