မြန်မာသံရုံး၊ စင်ကာပူမြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကျင်းပ

(၈-၁-၂၀၁၉ ရက်၊ နေပြည်တော်)

မြန်မာသံရုံး၊ စင်ကာပူမြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ ညနေ ၁၈၃၀ နာရီမှ ၂၀၃၀ နာရီ အထိ စင်ကာပူမြို့ရှိ Shangri-La ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ Chief Guest အဖြစ် စင်ကာပူနိုင်ငံ Minister for Manpower and Second Minister for Home Affairs ဖြစ်သူ Mrs. Josephine Teo ဦးဆောင်သော စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၊ စင်ကာပူစီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၊ စင်ကာပူနိုင်ငံရှိ မြန်မာအသိုက်အဝန်းများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည် (၂၅၀) ခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဌေးအောင်မှ လွတ်လပ်ရေးနေ့မိန့်ခွန်းကို လည်းကောင်း၊ ဧည့်သည်ဝန်ကြီး Mrs. Josephine Teo မှ Return Speech ကိုလည်းကောင်း ပြောကြားခြင်း၊ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်ခြင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ ကျန်းမာစေရန် ဆုမွန်ချွေခြင်းနှင့် အပြန်အလှန်ဆုတောင်းမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဟိုတယ်အစားအသောက် များအပြင် မြန်မာ့ရိုးရာ အစားအသောက်များဖြစ်သော မုန့်ဟင်းခါး၊ ကြာဇံချက်၊ ခေါက်ဆွဲကြော်၊ ဆနွင်းမကင်း၊ ကျောက်ကျောတို့ဖြင့် ကြွရောက်လာသော ဧည့်သည်များအား တည်ခင်းဧည့်ခံခြင်း၊ မြန်မာ့ ယဉ်ကျေးမှုအကများအား စင်ကာပူနိုင်ငံရှိ ကုမုဒြာ မြန်မာကျောင်းသူ၊ ကျောင်းသားများက တင်ဆက်ကပြ ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။