ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) ကို မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုး

(၁၀-၁၂-၂၀၁၈ ရက်၊ နေပြည်တော်)

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့် စပ်လျဉ်းသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ပူးတွဲကြေညာချက်အရ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် ပူးတွဲလုပ်ငန်း အစီအစဉ်တစ်ရပ်ကို မြန်မာအဆင့်မြင့်အရာရှိကြီးများနှင့် အထူး ကိုယ်စားလှယ်ရုံးမှ ကျွမ်းကျင်သူတို့အကြား တွေ့ဆုံညှိနှိုင်း၍ ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကာကွယ်တားဆီးရေးအတွက် အလေးပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဆွေးနွေးညှိနှိုင်းလျက် ရှိသကဲ့သို့၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကိုလည်း (၁၆) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ မြန်မာနိုင်ငံဘက်မှ သံမှူးကြီး ဦးရဲမင်းသိမ်းနှင့် သံမှူး ဦးထွန်းလင်းဆွေတို့ တက်ရောက် ကြပြီး၊ အထူးကိုယ်စားလှယ်ရုံးမှ အကြီးတန်းအကြံပေး Mr. Tonderai Chikuhwa နှင့် အတွင်းရေးမှူး Ms. Hajra Sana တို့ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။