နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၄-၁၂-၂၀၁၈ ရက်၊ နေပြည်တော်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ ၁၁၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-အစ္စရေး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပိုင်းဆိုင်ရာ အရည်အသွေး မြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာရေးဆိုင်ရာ ကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။