မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်ထံ ခန့်အပ်လွှာ ပေးအပ်

(၁၉-၁၁-၂၀၁၈ ရက်၊ နေပြည်တော်)

ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဓာတုလက်နက် တားဆီးပိတ်ပင်ရေးအဖွဲ့ (Organization for the Prohibition of Chemical Weapons) ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသည့် ခန့်အပ်လွှာကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့၌ ဓာတုလက်နက် တားဆီး ပိတ်ပင်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖာနန်ဒို အဲရီယာစ်ထံ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် သည်ဟိတ်မြို့ရှိ ဓာတုလက်နက် တားဆီးပိတ်ပင်ရေးအဖွဲ့များ၏ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

မြန်မာနိုင်ငံသည် ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်အား ၁၄-၁-၁၉၉၃ ရက်နေ့တွင် ကနဦး လက်မှတ်ရေးထိုးခဲ့ပြီး ၈-၇-၂၀၁၅ ရက်နေ့တွင် အတည်ပြုပါဝင်ခဲ့ရာ ဓာတုလက်နက် တားဆီး ပိတ်ပင်ရေးစာချုပ်၏ (၁၉၁) နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ၇-၈-၂၀၁၅ ရက်နေ့တွင် တရားဝင် အာဏာ သက်ဝင်ခဲ့ကြောင်း သိရှိရပါသည်။