ကောင်စစ်ဝန်ချုပ် ဒေါ်မြတ်သူဇာသန်း Belt and Road Conference သို့ တက်ရောက်

 

(၂-၁၁-၂၀၁၈ ရက်၊ နေပြည်တော်)

ကောင်စစ်ဝန်ချုပ် ဒေါ်မြတ်သူဇာသန်းသည် ၂၉-၁၀-၂၀၁၈ ရက်နေ့တွင် ဟောင်ကောင်မြို့ Grand Hyatt Hong Kong ၌ China Daily နေ့စဉ်ထုတ်သတင်းစာနှင့် Silk Road Economic Development Research Center တို့မှ ကြီးမှူးကျင်းပသည့် Belt and Road Conference သို့ တက်ရောက်ခဲ့ကာ When the Belt meets the Road in Hong Kong ဆွေးနွေးပွဲ (Panel Discussion)တွင် ပါဝင်ဆွေးနွေးသူ (Panelist) အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲ၌ ဟောင်ကောင်အခြေစိုက် ကောင်စစ်ဝန်ချုပ်များဖြစ်သည့် ပါကစ္စတန်၊ ဇင်ဘာဘွေ၊ မလေးရှားနှင့် ဗြိတိန်ကောင်စစ်ဝန်ချုပ်ရုံးမှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ထိုသို့ဆွေးနွေးရာတွင် ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်း (BRI)၏ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း (Myanmar-China Economic Corridor-MCEC) များနှင့်ပတ်သက်၍ လည်းကောင်း၊ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးတင်ပြခဲ့ပြီး အထူးတိုးတက် ကောင်းမွန်လျက်ရှိသော မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား ဆက်ဆံရေးကို အခြေခံ၍ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံလမ်းကြောင်းရှိ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဟောင်ကောင်ဒေသအနေဖြင့် အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်နိုင်ရုံသာမက အတတ်ပညာဆိုင်ရာ ဝန်ဆောင်မှုများ ကဏ္ဍ၌လည်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။