နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခန့်အပ်ထားသော အမှုထမ်းအသစ်များအတွက် ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ (၁၉-၉-၂၀၁၈ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခန့်အပ်ထားသော အမှုထမ်းအသစ်များအတွက် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရုံးအမှတ်(၉)၊ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ၁၈-၉-၂၀၁၈ (အင်္ဂါနေ့)၊ နံနက် (၁၁၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူးနေရာများအတွက် ဌာနရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အမှုထမ်းသစ်များကို ခန့်အပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုလို နိုင်ငံတော်၏ ပြည်သူ့ဝန်ထမ်းဘဝကိုခံယူဖို့ ရွေးချယ်ခဲ့ကြပြီး အဆင့်ဆင့်သော အရည်အချင်းစစ်ဆေးမှုများကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမှုထမ်းများအဖြစ် ရွေးချယ်ခန့်အပ်ခံရတဲ့ အမှုထမ်းသစ် (၇၉)ဦးအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း ဝန်ကြီးဌာနကိုယ်စား ပြောကြားလိုပါကြောင်း၊ ၁၈-၉-၂၀၁၈ မှ ၂၁-၉-၂၀၁၈ အထိ ဖွင့်လှစ်ပို့ချမယ့် သင်တန်းကာလအတွင်းမှာ ဝန်ကြီးဌာန၏ လက်ရှိ လုပ်ငန်းဆောင်တာတွေအပြင် ရုံးစာရေးသားနည်းများ၊ စာတွဲခြင်း၊ စာတွဲထိန်းသိမ်းခြင်းနှင့် စာရွက်စာတမ်းများအား လုံခြုံကိုင်တွယ် ထိန်းသိမ်းခြင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများစသည့် ဝန်ထမ်း (၁)ယောက် လိုက်နာရမည့် အခြေခံစည်းမျဉ်းစည်းကမ်းတွေကိုလည်း ပို့ချသင်ကြားသွားမည် ဖြစ်ကြောင်း၊ မိမိတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှစတင်ပြီး နိုင်ငံခြားရေး ရုံးတော်အဖြစ် ပေါ်ပေါက်လာကာ ခေတ်အဆက်ဆက် နိုင်ငံ့အကျိုးကို ထမ်းဆောင်ရင်း ယနေ့အချိန်ထိ နိုင်ငံခြားရေးဝန်ကြီးဌာနအဖြစ် ဖြစ်တည်ခဲ့တာဟာ နှစ် (၇၀)ကျော်ရှိခဲ့ပြီဖြစ်ပါကြောင်း၊  နိုင်ငံခြားရေးဝန်ထမ်းတွေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံတမန်တွေဖြစ်ပြီး၊ ပြည်တွင်းဌာနချုပ်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေလည်း ရှိသလို ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာရှိတဲ့ မြန်မာသံရုံးတွေမှာလည်း တာဝန်ထမ်းဆောင်နေကြပြီး၊ ဝန်ထမ်းအားလုံးဟာ ပြည်တွင်း/ ပြည်ပကဏ္ဍအသီးသီးမှာ ကျရာတာဝန်ကို ကျေပွန်အောင် ကြိုးစားလျက် နိုင်ငံတော်ကို အလုပ်အကျွေးပြုနေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေဖြစ်ကြောင်း၊ အမှုထမ်းအသစ်များအနေဖြင့် လုပ်ငန်းခွင်ထဲကို ရောက်ပြီဆိုရင် မိမိလုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့ အရေးကြီးသည့်အပြင် နိုင်ငံ့ဝန်ထမ်း တစ်ယောက်ဖြစ်တဲ့အတွက် မိမိနိုင်ငံအပေါ် သစ္စာရှိဖို့၊ မိမိဝန်ကြီးဌာနအပေါ် သစ္စာရှိဖို့နှင့် မိမိနိုင်ငံသားတွေအပေါ် သစ္စာရှိဖို့ရန် အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

ယခုနှစ်တွင် ခေါ်ယူလိုက်သော အမှုထမ်းသစ်များအဖြစ် အငယ်တန်းစာရေး (၃၀)ဦးနှင့် ရုံးအကူ (၄၉)ဦးတို့ကို ရွေးချယ်ခန့်အပ်ပြီးဖြစ်ပါသည်။ အဆိုပါအမှုထမ်းများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီး၏ လုပ်ငန်း ဆောင်တာများကို သိရှိနိုင်ရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါသည်။