မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲဖြစ်နေသည့် ဆော်ဒီအာရေဗျနိုင်ငံရှိ မြန်မာအလုပ်သမားများအား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ခြင်း (၁၇-၈-၂၀၁၈ ရက်၊ နေပြည်တော်)

မြန်မာအလုပ်သမား (၂၆) ဦးသည် ဆော်ဒီအာရေဗျနိုင်ငံ၊ Dar Al Samara Est for General Contracting တွင် ၆ နှစ် အလုပ်လုပ်ကိုင်ရန် သဘောတူစာချုပ် ချုပ်ဆို၍ မြန်မာအေဂျင်စီများ၏ စီစဉ်မှုဖြင့် ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပါသည်။ ၄င်း (၂၆) ဦးအနက် (၁)ဦးသည် စာချုပ်ပြည့်သည်အထိ လုပ်ကိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။ သို့ရာတွင် ကျန် (၂၅) ဦးမှာ လစာများ မရရှိခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ နေထိုင်စားသောက်မှု အဆင်မပြေခြင်းတို့ကြောင့် အလုပ်မှ စွန့်ခွာထွက်ပြေးခဲ့ရာ (၁၁) ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ အလုပ်သမားဥပဒေအရ အလုပ်ရှင်မှသာ ထွက်ခွာခွင့်ဗီဇာ (Final Exist Visa) ကို လျှောက်ထားပေးနိုင်မည် ဖြစ်ရာ ကျန်ရှိသူ (၁၄) ဦးသည် မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲများ ရှိနေသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ဆော်ဒီအာရေဗျနိုင်ငံရှိ မြန်မာသံရုံး၊ ရီယာဒ်မြို့ အနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်လည်း မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ်ကြီးနှင့် လည်းကောင်း ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့အတွက် ထွက်ခွာခွင့်ဗီဇာ (Final Exist Visa) ရရှိရေး၊ ၎င်းတို့မှ ပေးဆောင်ရမည့် အလုပ်သမားခွန်၊ နှစ်စဉ်ကြေး၊ ဗီဇာကြေး၊ ဒဏ်ကြေး စသည်တို့ ကင်းလွတ်ခွင့် ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

သို့ပါ၍ ဆော်ဒီအာရေဗျနိုင်ငံတွင် (၈)နှစ်ကျော် ဒုက္ခရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၁၄) ဦးသည် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ဆော်ဒီအာရေဗျနိုင်ငံရှိ မြန်မာသံရုံးတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ၏ လေယာဉ်စရိတ်ကျခံမှုတို့ဖြင့် မြန်မာနိုင်ငံသို့ ၁၇-၈-၂၀၁၈ ရက် ညနေပိုင်းတွင် Emirates လေကြောင်းပျံသန်းအမှတ် EK 388W ဖြင့် ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။