နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စင်ကာပူနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး တည်ခင်းဧည့်ခံသည့် လက်ဖက်ရည်ဝိုင်းသို့ တက်ရောက်ပြီး လီကွမ်ယု ပြည်သူ့ရေးရာမူဝါဒကျောင်းအား လေ့လာကြည့်ရှုခဲ့ (၂၀-၈-၂၀၁၈ ရက် ၊ စင်ကာပူမြို့)

<td

စင်ကာပူနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၁၆၀၀ နာရီတွင် လီကွမ်ယု ပြည်သူ့ရေးရာမူဝါဒကျောင်း (Lee Kuan Yew School of Public Policy) သို့ သွားရောက်လေ့လာခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား လီကွမ်ယု ပြည်သူ့ရေးရာမူဝါဒကျောင်း၏ ဌာနမှူး Professor Danny Quah က ကျောင်း၏ သမိုင်းကြောင်း၊ အနာဂတ် မျှော်မှန်းချက်များ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းသို့ လှည့်လည် ကြည့်ရှု လေ့လာခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ သွားရောက်လေ့လာရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စင်ကာပူနိုင်ငံဘက်မှ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး Mr. Goh Chok Tong ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝါရင့်ဒုတိယဝန်ကြီး Dr.Mohamad Maliki Bin Osman ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Ms Vanessa Chan နှင့် မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူတို့ လိုက်ပါခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး Mr. Goh Chok Tong က လက်ဖက်ရည်ဝိုင်းဖြင့် ဧည့်ခံခဲ့ပြီး၊ ယင်းသို့ ဧည့်ခံရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန Dr. Mohamad Maliki Bin Osman ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Ms Vanessa Chan ၊ လီကွမ်ယု ပြည်သူ့ရေးရာမူဝါဒကျောင်း၏ ဌာနမှူး Professor Danny Quah ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူတို့ တက်ရောက်ခဲ့ကြပါသည်။

ယနေ့ ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan က ၄င်း၏ နေအိမ်တွင် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ကြောင်း သိရှိရပါသည်။