(၅၁) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၅၁) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် အစည်းအဝေး ကာလအတွင်း သြဂုတ်လ ၄ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mr. Mike Pompeo နှင့် တွေ့ဆုံခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းစကာလ၌ တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ ရခိုင်ပြည်နယ် အရေးကိစ္စ၏ သိမ်မွေ့ ရှုပ်ထွေးမှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာအစိုးရမှ ဆောင်ရွက်လျက်ရှိမှု၊ ပြန်လည်လက်ခံရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်ရေးအတွက် ကုလသမဂ္ဂ အေဂျင်စီများနှင့် လက်မှတ် ရေးထိုးခဲ့ပြီး လုပ်ငန်းအစီအစဉ် ညှိနှိုင်းရေးဆွဲနေသည့်ကိစ္စ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုများတွင် အစဉ်တစိုက် ထောက်ခံအားပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mr. Pompeo မှ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ရှုပ်ထွေးမှုနှင့် အခက်အခဲများကို ကောင်းစွာ နားလည်ကြောင်း၊ မြန်မာအစိုးရမှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် ရှင်းလင်းပြောကြားသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှု ရရှိရေးအတွက် ဆက်လက်ကူညီ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ လူ့အခွင့်အရေး စွပ်စွဲချက်များနှင့် သတင်းလွတ်လပ်ခွင့် ကိစ္စတို့နှင့် ပတ်သက်၍ မိမိတို့အနေဖြင့် စိုးရိမ်ပူပန်မှု ရှိကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင် စိန်ခေါ်မှု အတားအဆီးများ ရှိသော်လည်း ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများကို ရှာဖွေ၍ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။