The opening ceremony of UN resident office in Nay Pyi Taw was held

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံးဖွင့်ပွဲကို ဇူလိုင်လ ၁၁ ရက်နေ့၊ ညနေ (၆:၀၀) နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်ပစ္စည်းများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး(UMFCCI) ၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ UNDP မှ Country Director Mr.Peter Batchelor၊ UN Resident Coordinator Mr.Knut Ostby၊ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mr.Haoliang Xu တို့က နှုတ်ခွန်းဆက် စကားပြောကြားကြပါသည်။

ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့က အမှာစကား ဆက်လက် ပြောကြားကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဦးကျော်တင်တို့က မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးကို ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဦးမောင်မောင်ဝင်း၊ ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးများမှာ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်း (၁၇)ဖွဲ့ရှိသည့်အနက် (၁၂)ဖွဲ့ကို နေပြည်တော်တွင် လာရောက် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။